လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘုရားစေတီများနှင့် အိမ်များ ပြိုကျပျက်စီး

ပို့စ်တင်ချိန် - 4/12/2014 06:44:00 PM



မြင်းခြံ၊ ဧပြီ ၁၁

မန္တလေး တိုင်းဒေသကြီး ၊ မြင်းခြံမြို့နယ်၏ မြောက်ဘက် ဆီမီးခုံ ကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများတွင် (၁၀.၄.၂၀၁၄) ရက်နေ့ ည (၇) နာရီအချိန်က လေပြင်း မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။


အဆိုပါ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဆီမီးခုံ ကျေးရွာရှိ ရွှေစည်းခုံ စေတီတော်၏ ထီးတော်ယိုင်ခြင်း၊ ဘုန်းတော်ကြီးကျောင်း ဇရပ်တစ်လုံး ပြိုကျခြင်း၊ ကုလား ကျေးရွာရှိ ကျောက်ဘုရား စေတီတော် ခါးပိုင်းကျိုးကျ ပျက်စီးခြင်း၊ အာရုဏ်ခံ တန်ဆောင်း ပြိုကျခြင်း၊ ဆီမီးခုံကျေးရွာ၊ ကုလားကျေးရွာ၊ လှိုင်းတက် ကျေးရွာ၊ ငါ့နန်းကျေးရွာ၊ ကွေ့ကြီးကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ မြစ်သာ ကျေးရွာများ၏ ပျက်စီးမှုများမှာ အိမ်ပေါင်း (၂၆)လုံး ပြိုကျခြင်းနှင့် အိမ်ပေါင်း (၁၇၅) လုံး အမိုးများ လန်ထွက်ခြင်း ဖြစ်ပွားခဲ့သည်။ ၎င်းအပြင် ဆီမီးခုံ မြစ်ရေတင် အပိုင်း(၁)နှင့် အပိုင်း(၂) ကို သွယ်တန်း ထားသော ဓါတ်တိုင် (၃၄) တိုင် ကျိုးကျ ပျက်စီးခဲ့သည်။


ထိုသဘာဝ ဘေးအန္တရာယ် ဖြစ်ပွားသော လေဘေးသင့် ကျေးရွာများသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးရာ ၀န်ကြီး ဦးအောင်ဇံ ၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းတင်၊ မြင်းခြံ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်မှု အထောက် အကူပြု အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လေဘေးသင့် ပြည်သူများကို ကွင်းဆင်း ကြည့်ရှု၍ အားပေး စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးရာ ၀န်ကြီး ဦးအောင်ဇံမှ လေပြင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုရားကို ဘက်စုံ ပြုပြင်ရန် အတွက် အလှူငွေ ကျပ် (၁)သိန်း၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းတင်မှ အလှူငွေ ကျပ် ( ၅ ) သောင်း လှူဒါန်းခဲ့ပါသည်။ လေဘေးသင့် ပြည်သူများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အဖွဲ့မှ ငွေကျပ် (၆၁၉၂၀၀) တန်ဖိုးရှိသော ဆန်နှင့် ခေါက်ဆွဲ ခြောက်ထုပ်များ၊ ခရိုင်နှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ငွေကျပ် (၂၁၅၀၀၀) တန်ဖိုးရှိသော ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

MOI Webportal Myanmar