ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြားများဖမ်းမိ

ပို့စ်တင်ချိန် - 4/19/2014 05:04:00 PM


မန္တလေး၊ ဧပြီ ၁၈

မန္တလေးမြို့ပေါ်တွင် သင်္ကြန်ကာလအတွင်း ဆူဒိုအက်ဖီဒရင်း ဆေးပြားများ သယ်ဆောင် ရောင်းဝယ်သည့် သတင်းအရ ဝယ်လက်အသွင်ဖြင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ကျပ်သိန်း တစ်ထောင်ကျော်ဖိုးကို ဧပြီလ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမာခံသတင်းအရ ယင်းနေ့က ဝယ်လက်အသွင်ယူပြီး မူးယစ်တပ်ဖွဲ့စု ၁၇ (မန္တလေး) မြောက်ပိုင်း တပ်ဖွဲ့ဝင်တို့က ချမ်အေးသာစံမြို့နယ် အနောက်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတွင် ဆာလာအိတ် အသေး၂၁ အိတ်အတွင်းမှ တစ်ပြားလျှင် ၁၄၀ ကျပ်တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၇,၉၇၉,၁၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးပြားများကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ဘက်မှ သယ်ဆောင်လာပြီး သင်္ကြန်ကာလအတွင်း အရောင်းအဝယ် ပြုလုပ်ရန် ဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် ပေါ်တော်မူဘုရား အရှေ့ဘက် လမ်းမကြီးရှိ တစ်ထပ်ပျဉ်ထောင် နေအိမ်သို့ သွားရောက် ပို့ဆောင်ပြီးအပြန် သယ်ဆောင်သူ ဇော်ဝင်းနိုင်၏ နေအိမ်သို့ အရောင်းအဝယ် ပြုလုပ်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ကျူးလွန်သူ၏ ထွက်ဆိုချက်အရ အထက်ပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

ယင်းဆူဒိုအက်ဖီးဒရင်း ဆေးပြားများ သယ်ဆောင် အရောင်းအဝယ် ပြုလုပ်သူများနှင့် ပတ်သက်၍ ကွင်းဆက် တရားခံများ ဖော်ထုတ်ရန် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း၊ မတ်လ ၃၀ ရက် နေ့ကလည်း မူးယစ်ဆေးဝါး သတင်းအရ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်တစ်ခု အတွင်းသို့ ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါး သုံးစွဲနေသူနှစ်ဦးကို တွေ့ရပြီး ၎င်းတို့နှစ်ဦးထံမှ ၈၈ စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား တစ်ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ရာ အဆိုပါ တွေ့ရှိချက်နှင့် ပတ်သက်၍ ရောင်းချသူကို ၁၉ လမ်း၊ ၆၂ လမ်းထောင့်သို့ ချိန်းဆိုပြီး ဖမ်းဆီးရန် စောင့်ဆိုင်းနေရာမှ ရောင်းသူ၏ကားကို တားဆီးစဉ်ကားဖြင့် ပွတ်ဆွဲ ထွက်ပြေးသွားခဲ့သဖြင့် ကားရပ် တန့်စေရန် ခြောက်လုံးပြူး သေနတ်ဖြင့် တစ်ချက် ခြောက်လှန့် ပစ်ခတ်ခဲ့သော်လည်း ၎င်းမှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly