ယူကရိန်းအရှေ့ပိုင်းရှိ ရုရှလိုလားတဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေ လက်နက်တိုက် သိမ်းပိုက်

ပို့စ်တင်ချိန် - 4/13/2014 10:14:00 PM



ရုရှလိုလားတဲ့ လက်နက်ကိုင် ဆန္ဒပြသူတွေဟာ ဧပြီလ ၁၁ ရက်နေ့က ယူကရိန်းအရှေ့ပိုင်း စလက်ဗ်စ်ယန့်မြို့မှာ လက်နက်တိုက် တလုံးကို သိမ်းပိုက်လိုက်ပါတယ်။ ဒီမြို့ဟာ လွန်ခဲ့တဲ့ တပတ်လောက်က ရုရှလိုလားသူ ဆန္ဒပြသမားတွေက အစိုးရအဆောက်အဦကို သိမ်းခံရတဲ့ ဒန်ညက်စ်မြို့ကနေ မြောက်ဘက် ကီလိုမီတာ ၁၀၀ လောက်ပဲ ဝေးပါတယ်။

ဆန္ဒပြသူတွေဟာ အစောပိုင်းက ရဲစခန်းတခုကို သိမ်းပိုက်ခဲ့ပြီးနောက် လက်နက်တိုက်ကို မွှေနှောက်ခဲ့တာပါ သူတို့ဟာ အနည်းဆုံး သေနတ်အတို အလက်လေးရာနဲ့ အော်တို မက်တစ်သေနတ် အလက် ၂၀ ကို သိမ်းယူသွားတယ်လို့ ယူကရိန်း ရဲတွေက ကြေညာချက် ထုတ်ပြန်ပါတယ်။

မျက်နှာဖုံးစွပ် ဆန္ဒပြသူကတော့ ဒီလိုလုပ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ် ယူကရိန်း အစိုးရအပေါ် သည်းခံနိုင်မှု ကုန်နေတဲ့ လူတွေ လမ်းပေါ်မှာ အပြည့်ပဲလို့ ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်းနဲ့ လက်နက်တိုက် ၀င်ပေါက် ထွက်ပေါက်တွေကို ပိတ်ဆို့ဖို့ သဲအိတ်တွေ သစ်သားပြားတွေ ကားတာယာတွေကို သုံးပြီး အပိုင်း ၃ ပိုင်းခွဲခြား ကာရံ ခဲ့ပါတယ်။ ဒါ့အပြင် မြို့ထဲကို ဦးတည်ထားတဲ့ အဝေးပြေးလမ်းမကြီးကိုလည်း အရံအတားတွေနဲ့ တားဆီးခဲ့ပါတယ်။

အနားက ဒေသခံတချို့ကတော့ ဆန်ဒပြသူတွေကို ကူညီနေတာပါ သူတို့မှာ ၀င်ငွေ နိမ့်ပါးတာက ဆန္ဒပြသူတွေကို ကူညီရတဲ့ အကြောင်းရင်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ဘ၀တိုးတက်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး အာစန် အာဗာကို့ဇ်ကတော့ အခြေအနေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကတိပြုကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာကနေ ပြောပါတယ်။ ယူကရိန်း အထူးတပ်ဖွဲ့တွေကို တာဝန်ချထားပြီး လက်နက်ကိုင် အကြမ်းဖက်သူတွေကို လုံးလုံး သည်းမခံဘူးလို့လည်း ဆိုပါတယ်။

အခုချိန်ထိတော့ သေဆုံးဒဏ်ရာရသူ အစီရင်ခံမှု မရှိသေးပါဘူး။ ကျန်ခဲ့တဲ့ ရက်သတ်တပတ်ကုန် ပိုင်းက ယူကရိန်းနိုင်ငံရေး မတည်ငြိမ်မှုလှိုင်း ပြန်စခဲ့တာပါ ရုရှအစိုးရလိုလားသူ ဆန္ဒပြသမားတွေ က ယူကရိန်းအရှေ့ပိုင်း ဒန်ညက်စ်၊ လူဂန့်စ်နဲ့ ခါကော့ဗ်မြို့တွေမှာရှိတဲ့ အစိုးရအဆောက်အဦ အတော်များများကို သိမ်းပိုက်ခဲ့ပြီး ရုရှနဲ့ ဆက်ဆံရေး ပိုနီးကပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ လူထုဆန္ဒ ခံယူပွဲလုပ်ရေး တောင်းဆိုခဲ့ပါတယ်။

မတ်လ ၁၈ ရက်ကတော့ ရုရှသမ္မတ ပူတင်နဲ့ အရင် ယူကရိန်းလက်အောက်ခံ ခရိုင်းမီးယား ဒေသခေါင်းဆောင်တွေက ခရိုင်းမီးယားဒေသကို ရုရှရဲ့အစိတ်အပိုင်းအဖြစ် ပူးပေါင်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှရဲ့ ခရိုင်းမီးယားကို ကျူးကျော်မှုကို အခြေခံ ဥပဒေနဲ့ မညီဘူးလို့ ယူကရိန်းအစိုးရက တုံ့ပြန်ခဲ့ပါတယ်။

DVB