မျှဝေခံစား လူသားများ

ပို့စ်တင်ချိန် - 4/23/2014 02:31:00 PM



ကျနော် ကတော့ ကလေးလေးတွေ အချင်းချင်း မျှဝေ စားသောက် နေကြ တာ တွေ့ရင် ဝမ်းသာပါတယ်။ အချို့ ကလေး တွေဆိုရင် သူတို့ စားစရာ မုန့် အပိုင်း ထဲကနေ စားပါလား ဦးဦး ဆိုပြီးတော့ ပြုံးပြုံးရွှင်ရွှင် နဲ့ ထိုးပေး တာကို တွေ့ရ ပါတယ်။ အဲ့ဒီ အချိန် ကလေး မှာ ဖြစ်ပေါ် နေတဲ့ စိတ်က လည်း ပျော်ရွှင်ဝမ်းသာ နေမှာ အမှန် ပါပဲ။


လူကြီး တွေမှာလဲ အတူတူ ပါပဲ။ ကျနော်တို့ လူသား တွေဟာ လောဘ၊ အတ္တ များနဲ့ အသက်ရှင် လာပြီး မိမိ ရဲ့ ပိုင်ဆိုင်မှုတွေကို မျှဝေ ပေးဖို့ အတော်လေး ဝန်လေး တတ်ကြ ပါတယ်။ ဒါကို ဝန်တိုခြင်းလို့ ခေါ် ပါတယ်။ ယင်း ဝန်တို စိတ်က အမှန်တကယ် ပူလောင်စေတာပါ။ သေချာ ထိုင် ခံစား၊ စဉ်းစား ကြည့်ရင် ဝန်တို တဲ့ စိတ်၊ မျှဝေရန် ကြောက်နေတဲ့ စိတ်က ဘယ်လောက်ထိ မကောင်း သလဲ ဆိုတာ သိပါလိမ့်မယ်။

ဒီထက် ပိုကောင်းတဲ့ အရသာက ပေးကမ်းခြင်း ဖြစ်ပါတယ်။ မုန့်အရမ်း စားချင် နေတဲ့ ကလေးကို မုန့်ကျွေး လိုက်တဲ့ အခါ၊ အစာ တောင်းနေတဲ့ ခွေး ၊ ကြောင် အစရှိသဖြင့်တို့ကို ကျွေးလိုက်တဲ့ အခါ သူတို့ စားတာလေး ကို မြင် ပြီး ရင်ထဲမှာ ဖြစ်တဲ့ ပီတိကို ပြုလုပ်ဖူးသူတို့ သိပါ လိမ့် မယ်။ ဒီတော့ ပေးကမ်းခြင်း၊ လှူဒါန်း ခြင်းဟာ ဘာနဲ့မှ နှိုင်းမရတဲ့ ပျော်ရွှင် မှု တစ်မျိုး ပေးတယ် ဆိုတာ ခံစား ဖူးသူများ သိပါလိမ့်မယ်။ ဒီတော့ မျှဝေ ခံစား ကြ ခြင်း ဖြင့် ကမ္ဘာကို လှသထက် လှပအောင် ဖန်တီးခြင်း ဟာ ကောင်းသော မင်္ဂလာ တစ်ပါးပဲ ဖြစ်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)