မိုးစနေ လေရာဟု

ပို့စ်တင်ချိန် - 4/05/2014 09:15:00 PM


ရွာသူ ရွာသားအပေါင်း တို့ခင်ဗျား။ ရာဟုထောင့်မှ လေနီကြမ်းများ ဆင်လာနေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့ မီးခွက်များ၊ မှန်အိမ်များကိုလုံးဝငြှိမ်းသတ်ထားကြပါရန် နှင့် မီးဖိုချောင်မှ မီးကြွင်းမီးကျန်များကိုလည်း သေချာစွာ ငြှိမ်းသတ် ထားကြပါရန် အများအကျိုးမျှော်၍ နှိုးဆော်အပ်ပါတယ် ဗျိုး ...’’

ရွာဆော် ဘကြီးတွေရဲ့ အောင်မြင်လှတဲ့ အသံဝါကြီးနဲ့ တစ်ရွာလုံးပတ်ကာ မောင်းတဒူဒူ ထုအော်သံကြီးကို ကျွန်တော်ငယ် စဉ်က နွေရာသီကျောင်းပိတ်ရက် မှာ အညာဒေသက အဘိုးအဘွား များရှိရာ အဖေနဲ့ အမေတို့ရွာကို ပြန်စဉ် နွေဦးပေါက်ရာသီရောက် တိုင်း မကြာမကြာ ကြားမြင်ခဲ့ရပါ တယ်။ အဲဒီလို အော်ပြီးတာနဲ့ မကြာခင်မှာပဲ အနောက်မြောက် အရပ်ဘက်ဆီမှ လေနီကြမ်းများ ကျလာပြီးတော့ တ၀ုန်းဝုန်းတဒိုင်း ဒိုင်းနဲ့ လေပြင်းတွေ တိုက်ခတ်လာ တော့တာပါပဲ။ ပူပြင်းခြောက် သွေ့လှတဲ့ အညာဒေသမှာ နွေရာသီ မီးဘေးအန္တရာယ်ကို ကြောက်ကြရတဲ့အတွက် ရွာဓလေ့အရ မီးဘေးနှိုးဆော်ချက်ပဲ ဆိုပါတော့။

ငယ်ငယ်တုန်းကတော့ ကြောက်တာတစ်ခုတည်း သိလေ တော့ ဘကြီးထွေးရဲ့ ရွာဆော် အော်သံပါ အချက်အလက်တွေ ကို သေသေချာချာ မစဉ်းစားမိခဲ့ ပါဘူး။ အသက်အရွယ်လေး ရလာတော့မှ ဘကြီးထွေးရဲ့ ရွာ ဆော်အော်သံပါ‘‘ရာဟုထောင့်’’ ဆိုတာကို စဉ်းစားလာခဲ့မိပါ တယ်။ တစ်ဆက်တည်းလိုပဲ အဘိုးကအစ၊ ဦးလေး၊ အစ်ကို အပါအ၀င် ရွာကအားလုံးသော တောင်သူလယ်သမားများရဲ့ နှုတ် ဖျားမှာ မကြာမကြာ သုံးလေ့ရှိနေ တဲ့ ‘‘မိုးစနေ လေရာဟု’’ဆိုတဲ့ အ သုံးအနှုန်းကို သတိပြုမိလာခဲ့ပါ တယ်။

တကယ်တော့ ကျွန်တော် ငယ်ငယ်က ပူပြင်းခြောက်သွေ့ တဲ့ အညာဒေသက မန္တလေးတိုင်း (ယခင်က စစ်ကိုင်းတိုင်းအောက် ပိုင်း) မှာ ပါဝင်နေတဲ့ ကျွန်တော့် အဘိုးအဘွားများရှိရာ ဒေသက တောင်သူလယ်သမားများဟာ အလွန်ပင်ပန်း ဆင်းရဲကြပါ တယ်။ စိုက်ရေး၊ ပျိုးရေး ဆောင် ရွက်ကြရာမှာ ပူပြင်းတဲ့နေဒဏ် ကို ရှောင်နိုင်ဖို့ နံနက် နှစ်ချက်တီး လောက်ကတည်းက လယ်တော ဆင်းပြီး ကြယ်ရောင်၊ လရောင် နဲ့ လယ်ထွန်ကြရပါတယ်။ ထွန် ရေးပြင်ပြီးတော့လည်း အမော မဖြေနိုင်ကြရပါဘူး။ မသေချာ မရေရာတဲ့မိုးကိုလည်း တစ်ခါ မျှော်ကြရပြန်ပါတယ်။ စိုက်ရေး၊ ပျိုးရေး တောင်ယာလုပ်ငန်းနဲ့သာ အသက်မွေးကြရတဲ့ ကျွန်တော့် ရွာက ဆွေမျိုးသားချင်းများအ တွက်တော့ ရာသီဥတုဟာအ သက်ပါပဲ။ ဒီတော့ မိရိုးဖလာ မိုး လေ၀သခန့်မှန်းနည်းတွေ အမှတ် အသားတွေ ရှိလာကြရပါတယ်။ ဥပမာ‘‘မိုးစနေ လေရာဟု’’ဆိုတာ မျိုးလိုပေါ့။ အဓိပ္ပာယ်ကတော့ မိုးဆိုရင် စနေထောင့်ဖြစ်တဲ့ အနောက်တောင်ထောင့်၊ လေဆိုရင် ရာဟုထောင့်ဖြစ်တဲ့ အနောက်မြောက် ထောင့်က လာပြီဆိုရင် သေချာ ပြီ။ သေချာပေါက် မိုးရွာမယ်၊ သေချာပေါက် လေတိုက်မယ်လို့ ဆိုလိုရင်းပါပဲ။ ကနေ့ခေတ်စကား နဲ့ တစ်နည်းပြောရရင် ရွာရန်ရာ နှုန်းပြည့် ဖြစ်ပါတယ်ပေါ့။ ဒီရိုးရာ မိုးလေ၀သခန့်မှန်းရေးနည်း ကလေးဟာ ဒီကနေ့ ကျွန်တော်တို့ သိရှိထားရတဲ့ သိပ္ပံနည်းကျ တွေ့ ရှိချက်များနဲ့ တစ်ထပ်တည်းကျ နေတာကို လေးစားဖွယ်ရာ တွေ့ ရှိနေရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တစ်ပြည်လုံးအတွက် မိုးပေးနေတဲ့ အဓိကဖြစ်စဉ်ဟာ အနောက်တောင် မုတ်သုံလေဖြစ် ပါတယ်။ ဒါကြောင့် ဆရာစန္ဒရား (ဦး)လှထွတ်ကလည်း သူ့ရဲ့ ကျော်ကြားလှတဲ့ ‘‘တိမ်တမန်’’ သီချင်းထဲမှာ ‘‘တိမ်မည်း ညိုရိပ် တွေ တောင်ပြန်လေ’’လို့ စပ်ဆိုခဲ့ ခြင်းဖြစ်ပါတယ်။ တောင်ဘက်အ ရပ်ဆီက ပြန်လာတဲ့ တောင်ပြန် လေတွေထဲမှာ တိမ်မည်းညိုရိပ် တွေ ပါနေတယ်တဲ့လေ။ မိုးစနေ ဆိုတာ ဒါပဲပေါ့။ အဲ .. အထက် ပိုင်းနဲ့ အညာဒေသအတွက်တော့ လေဆိုရင် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က မြန်မာနိုင်ငံဘက်ကို အ နောက်မြောက်ဘက်က ရွေ့ရွေ့ ၀င်လာတတ်တဲ့ Norwester လို့  ခေါ်နေကြတဲ့ အနောက်လေစီး ကြောင်းများအတွင်း မျောပါလာ တတ်တဲ့ အနောက်လေထုအ တွင်းက လေထုအနှောင့်အယှက် များ (Western Disturbances) ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြောက်ဘက် မှာ ဟိမ၀န္တာတောင်တန်းကြီး ရှိ ပါတယ်။ ဆောင်းတွင်းကာလဆို ရင် အိန္ဒိယနိုင်ငံမြောက်ပိုင်းအ ပေါ်မှာ အနောက်လေစီးကြောင်း တွေ တိုက်ခတ်ပါတယ်။ အ နောက်ဘက်အရပ်က တိုက်ခတ် လာတဲ့ အဲဒီအနောက် လေစီး ကြောင်းတွေဟာ ဟိမ၀န္တာတောင် တန်းကြီးနဲ့ ထိတွေ့မိတဲ့အခါမှာ တော့ လမ်းကြောင်းနှစ်ပိုင်းကွဲ ထွက်သွားပါတယ်။ တောင်ဘက် ကို ဆင်းလာတဲ့ လေစီးကြောင်း ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက နေပြီး မြန်မာနိုင်ငံအတွင်းကို အ နောက်မြောက်ဘက်အရပ်ကနေ ပြီး တိုးဝင်လာစေပါတယ်။ အဲ ဒီလေအေးစီးကြောင်းတွေဟာ အေးပြီးစွတ်စိုတဲ့ လေတွေဖြစ်ကြ ပြီး သူတို့အထဲမှာ မျောပါတတ် လာတဲ့ မိုးလေ၀သဖြစ်စဉ်များက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေ ကို မိုးပေးလေ့ရှိပါတယ်။ ဒါဟာ နွေဦးကာလ မိုးကြိုကာလတွေမှာ ကြုံတွေ့ရတတ်တဲ့ ဖြစ်စဉ်ပါပဲ။ နွေကာလနဲ့ မိုးကြိုကာလဖြစ်တဲ့ မတ်လနဲ့ ဧပြီလရောက်တဲ့အခါ မှာတော့ နေရဲ့သွားရာလမ်း ကြောင်းဟာ ကမ္ဘာ့မြောက်ဘက် ခြမ်းကို ရောက်ရှိလာပြီဖြစ်တဲ့အ တွက် မြန်မာနိုင်ငံအတွင်းရှိ ကုန်း မြေတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပူပြင်းလာကြပါတယ်။ အဲဒီအခါ ပူပြင်းနေတဲ့ အောက်ခံမြေပြင်ရဲ့ အပေါ်ကို အေးပြီးစွတ်စိုနေတဲ့ အ နောက်မြောက်ဘက်က လေအေး စီးကြောင်းတွေ တိုးဝင်လာတဲ့အ ခါမှာ လေထုအတွင်းအထက် အောက် လေထုမငြိမ်သက်မှု (Vertical Instability) ဖြစ်လာ စေပြီး အဲဒီကမှတစ်ဆင့် မိုးတိမ် တောင်တွေဖြစ်စေတော့တာပါပဲ။ ဒီမိုးတိမ်တောင်များဟာ အခြား ပူ၊ ပွ၊ ပေါ့ ဖြစ်စဉ် (Convective Process) နဲ့ဖြစ်တဲ့ မိုးတိမ်တောင် တွေထက် ပိုအားကောင်းတော့ တိမ်ထိပ်တွေဟာ ပိုမြင့်မားတတ် ပါတယ်။ ဒါကြောင့် မိုးသက်လေ ပြင်းတိုက်တာတို့။ မိုးကြီးတာတို့၊ မိုးကြိုးပစ်တာတို့အပြင် မိုးသီး ကြွေတာတွေပါ ဖြစ်တတ်ကြပါ တယ်။ ဒါကြောင့် မိုးကြိုကာလဆို ရင် မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တစ်ခါတစ်ရံ အလယ်ပိုင်းဒေသ တွေမှာပါ မိုးကြိုးပစ်၊ မိုးသီးကြွေ၊ လေပြင်းတိုက်၊ မိုးကြီးတတ်တဲ့ ဖြစ်စဉ်တွေ မကြာမကြာတွေ့ကြ ရတတ်ပါတယ်။ တစ်နည်းပြော ရရင်တော့ မိုးသီးကြွေတဲ့ တိမ်ဆို ရင် မြောက်ပိုင်းက လေအေးတွေ တိုးဝင်လို့ အထက်အောက် လေ ထုမတည်ငြိမ်မှုကြောင့်ဖြစ်တဲ့ မိုး တိမ်တောင်ပဲလို့တောင် ဆိုနိုင်ပါ တယ်။ အဲဒီတိမ်တိုက်တွေဟာ နှစ်စဉ် မတ်လနဲ့ဧပြီလဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ဖြစ်ကြတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်း ပြည်နယ်တွေမှာ မကြာမကြာ အနောက်က အရှေ့ကို ရွေ့လျား ဖြတ်သန်းသွားရင်းနဲ့ မိုးကြီးမှုတွေ၊လေပြင်းတိုက်မှုတွေကို ဖြစ်စေတတ်ပါတယ်။ ဒါတွေကို ခေတ်သစ် မိုးလေ၀သပညာမှာတော့ Norwester လို့ခေါ်ပါတယ်။

ပုံမှန်အနေနဲ့တော့ ဒီ Norwester တွေဟာ မတ်လနဲ့ ဧပြီလရောက်ရင် လတ္တီတွဒ် ၂၀ ဒီဂရီမြောက်ရဲ့ မြောက်ဘက်အရပ် တွေမှာပဲ  ဖြတ်သန်းသွားလေ့ရှိ ပါတယ်။ ဒါပေမဲ့ အချို့နှစ်တွေ မှာတော့ မုတ်သုံလေက အား နည်း၊ အနောက်လေစီးတွေက ပိုမိုအားကောင်းပြင်းထန်နေရင် တော့ ဒီ Norwester တွေဟာ ပုံ မှန်ထက်လည်း ပိုမိုအကြိမ်အရေ အတွက် များတတ်တဲ့အပြင် ပုံမှန် ထက်လည်း ပိုမိုနိမ့်ဆင်းလာပြီး မြောက် ၂၀ ဒီဂရီလတ္တီတွဒ်ရဲ့ တောင်ဘက်အထိ ဆင်းလာတတ် ကြပါတယ်။ ဒါကြောင့် ဧပြီလ အတွင်း လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေကျမှုတွေကို တစ်ခါ တစ်ရံ အလယ်ပိုင်းဒေသတွေသာ မက အချို့နှစ်တွေမှာ မြစ်ဝကျွန်း ပေါ်ဒေသများအထိ နိမ့်ဆင်းလာ တတ်ကြပါတယ်။

ဒီအနေအထားမျိုးဖြစ်လာ ရင်တော့ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများရဲ့ နေ့အပူချိန်တွေကို ကျဆင်းလာစေပြီး တောင်ပိုင်း ဒေသတွေမှာတော့ နေ့အပူချိန် တွေကို ပိုမိုမြင့်တက်လာစေပါ တယ်။ အဲဒါဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက လေထုဖိအားတွေ ကို မြင့်တက်လာစေပြီး တောင် ပိုင်းက လေထုဖိအားတွေကိုတော့  ကျဆင်းစေပါတယ်။ ဒီတော့ လေ တို့ရဲ့ သဘာဝဟာ လေဖိအားများ ရာက နည်းရာကို တိုက်ခတ်တဲ့ သဘာဝရှိလေတော့ လေတွေကို မြောက်ဘက်မှ တောင်ဘက်သို့ တိုက်ဖို့ တွန်းအားတွေကို ဖြစ်စေ ပါတော့တယ်။

အမှန်မှာတော့ မိုးကြိုကာ လ ဆိုတာ မြန်မာနိုင်ငံအတွင်းကို တောင်ဘက်အရပ်ကနေပြီး မုတ် သုံလေ စတင်ဝင်ရောက်ရတော့ မယ့် ကာလပါ။ အခုတော့ တောင်ဘက်က မြောက်ဘက်ကို တက်လာ မယ့် မုတ်သုံလေဦးကို ဆန့်ကျင် ပြန်တွန်းထားသလို အားဖြစ်နေ စေတော့ မုတ်သုံလေဦးဟာ တိုး မ၀င်နိုင်ဘဲ မုတ်သုံအ၀င်ဟာ နောက်ကျရပြန်ပါတယ်။

တကယ်တော့ ဧပြီလဆိုတာ အောက်ခံမြေပြင်တွေ အလွန်ပူ ပြင်းနေပြီဖြစ်တဲ့ ကာလဖြစ်ပါ တယ်။ ရေငွေ့နဲ့အတူ မိုးရွာသွန်း မှုဖြစ်စဉ်တွေကို သယ်ဆောင်လာ မယ့် မုတ်သုံလေဦးဟာ မြန်မာ နိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ နဲ့ အလယ်ပိုင်းဒေသတွေဆီ တိုး မ၀င်လာနိုင်တော့ မိုးဆိုတာဝေး လို့ တိမ်တွေတောင် ကောင်း ကောင်းမဖြစ်တော့ပါဘူး။ တကယ်တော့ အခုလို နွေရာသီ ကာလတွေမှာ လေတိုက်ခတ်မှု၊ တိမ်ဖြစ်ပေါ်မှုတို့ဆိုတာ အရေး ကြီးပါတယ်။ သူတို့က ပုံမှန်ဖြစ် နေကြရမှာပါ။ တိမ်တွေဖြစ်နေ ရင် နေက၀င်လာတဲ့ Incoming Solar Radiation တွေကို လျော့ ပါးစေတယ်။ လေတွေတိုက်နေ ရင် အပူစုစည်းမှု (Accumulation of Heat) ကို လျော့ပါးစေတယ်။ သူတို့ဖြစ်နေကြမှ နွေရာသီရဲ့ ပူပြင်းမှုကို ဖြေဖျောက်ပေးနိုင်တဲ့ Moderating Effect ကို ရစေနိုင် မှာ ဖြစ်ပါတယ်။ သူတို့ကြောင့် အပူဒဏ်ကို လျော့နည်းစေပါ တယ်။ အချို့နှစ်တွေမှာ တိမ်က လည်းမဖြစ် မုတ်သုံလေဦးက လည်း တိုးမ၀င်နိုင်ဖြစ်လို့ အပူချိန် တွေဟာ ပုံမှန်ထက် ကျော်လွန် မြင့်တက်လာကြပြီး အပူဒဏ်ကို အလူးအလဲခံကြရပါတယ်။

တကယ်တော့ ရာဟုထောင့် နဲ့ စနေထောင့်ဆိုတာ မြန်မာနိုင်ငံ ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်ကျ တဲ့ အရပ်တွေပါပဲ။ မြောက်ဘက် ကလာတဲ့လေက လေအေး၊ တောင်ဘက်ကလာတဲ့ လေက လေနွေး။သဘာဝကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဧပြီ-မေဆိုတာဟာ တောင်ဘက်က မုတ်သုံဝင် ရောက်ရမယ့် အချိန်။ မြောက်ဘက်ကို စစ်ချီ သလို တက်လာရမယ့် အချိန်။ ဒီတော့ ‘‘စစ်ဦး ဘီလူး’’ ဆိုသလို တောင်ဘက်က လေတွေဟာ သဘာဝအရကကို ကြမ်းတမ်းရ မယ်။ ပြင်းထန်ရမယ်။ ဒါက ရှိရ မယ့်သဘာဝ။ ဒါပေမဲ့ ၁၉၇၈ ခုနှစ်ကစပြီး နောက်ပိုင်းကာလ တွေမှာ အဲဒီစစ်ဦးဟာ မ ဘီလူး နိုင်တော့ပါဘူး။ ပျော့တိပျော့ဖတ် နဲ့ မကြာမကြာ အားအင်ချည့်နဲ့နေ တာကို နှစ်တိုင်းတွေ့လာရပါ တယ်။

ဒီတော့ တိုက်ပွဲတစ်ခုလို သဘောထားပြီး အားချိန်ဆကြည့် ရရင် တောင်ဘက်ကလေက တိုက်စစ်၊ မြောက်ဘက်ကလေက ခံစစ်။ သူမြောက်ဘက်ကို မတက် နိုင်ခြင်းဟာ သူကိုယ်တိုင်ကပဲ တိုက်စစ်အားပျော့နေလို့လား။ မြောက်ဘက်က လေအေးတွေကပဲ ခံစစ်အား တောင့်တင်းနေလို့ လား။

တိုက်စစ်က အားလျော့နေ ပြီး ခံစစ်အားက ကောင်းနေရင် တော်တော်နဲ့ ရှေ့ဘက်ကို မထိုး ဖောက်နိုင်သလို မိုးကလည်း တော်တော်နဲ့ကို မကျနိုင်ပါဘူး။ တစ်ခါ တိုက်စစ်အားက ကောင်း ပြီး တစ်ဖက်က ခံစစ်အားက လျော့နေရင်လည်း တပ်တွေဟာ ရှေ့ကိုမြန်မြန်ထိုးဖောက်ချီတက် နိုင်သလို မိုးကမြန်မြန် ကျတတ်ပါ တယ်။ ဒါကတော့ သဘာဝကျတဲ့ ဖြစ်ရပ်ပါပဲ။

၂၀၁၄ ခုနှစ်မှာတော့ မြန်မာ နိုင်ငံမြောက်ဘက်အရပ်တွေမှာ အပူချိန်တွေ မြင့်တက်နေပါတယ်။ ကုန်းတွင်းပိုင်းတွေမှာ အပူကြောင့်ဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်နေပါတယ်။ တောင်ဘက်အရပ်မှာ လေဖိအားများတဲ့ ရပ်ဝန်းကတော့ မပီပြင်သေးပါဘူး။ နောက်ပြီး ၂၀၁၄ ခုနှစ်ဟာ အယ်လ်နီညိုဖြစ်ဖို့ အလားအလာရှိတဲ့နှစ် ဇွန်လလောက်မှာ အယ်လ်နီညိုဖြစ်ဖို့ ၅၀ ရာခိုင်နှုန်းအထိ သေချာမှုရှိတယ်လို့ ခန့်မှန်းထားတဲ့နှစ်။ လောလောဆယ် ၂၀၁၄ ခုနှစ်မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန် တိုင်းဖြစ်ခဲ့တယ်။ 012014B ပေါ့။ မတ်လထဲမှာ နေပြည်တော်နားက ရွာတစ်ရွာမှာ(၇)နှစ်အ ရွယ်ကလေးငယ်တစ်ဦး မိုးကြိုး ပစ်ခံရလို့ သေဆုံးခဲ့တယ်။ ပြီးခဲ့ တဲ့ရက်ပိုင်းကပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့ သုံးမြို့မှာ အပူချိန်စံချိန်တင် အောင် တက်ခဲ့တယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ရာသီဥတုအခြေအနေက ပူပြင်းပြီးခြောက်သွေ့မယ့်ဘက် က အလေးသာနေပါတယ်။

သေချာတာကတော့ ဒီနှစ် ရာသီဥတုဟာ ရောသမ ရာသီ ဖြစ်နေပါတယ်။

စောင့်မျှော်သာ နားဆင်ကြ ပါလို့သာ ...။

Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7Day Daily