ကိုယ်ချင်းစာတရား

ပို့စ်တင်ချိန် - 4/15/2014 04:20:00 PM



ကမ္ဘာပေါ်ရှိ လူသားများ ကိုးကွယ်သည့် ဘာသာတိုင်းနှင့် အကျုံးဝင်ပြီး လောက ဆက်ဆံရေးတွင် အရေးကြီးဆုံးသော အရာသည် ကား အခြားမဟုတ် လူလူချင်း ကိုယ်ချင်းစာတရား ပင်ဖြစ်သည်။ မိမိကိုးကွယ်သည့် ဘာသာ အပေါ်မည်မျှပင် ကိုင်းရှိုင်းစေကာမူ၊ အဘယ်မျှပင် ချစ်မြတ်နိုး ၍ ကြည်ညိုစေကာမူ ကိုယ်ချင်းစာတရား မရှိသော လူသည် အရွယ်အစား ကြီးမားသော်လည်း အတွင်းတွင် အဆီအနှစ် ဘာမှမရှိပဲ အတွင်းလှိုဏ်စားကာ အခြေမခိုင် ခြောက်သွေ့နေသည့် သစ်ပင်ကြီးနှင့်သာ တူတော့သည်။ အခန့်မသင့်၍ လေကြမ်းကြမ်း သို့မဟုတ် ရုတ်တရက် ဖောက်လွဲဖောက်ပြန်ဖြစ်တတ်သည့် ဥတုရာသီနှင့် ကြုံရပါက အချိန်မရွေးပြိုလဲသွားနိုင်သည်။ ထိုနည်းတူစွာပင် ဘာသာတရားကိုင်းရှိုင်းသော်လည်း ထိုသူ၏ ဦးနှောက် အသိဉာဏ်ထဲတွင် ဘာသာတိုင်း၏ အခြေခံ သဘောတရားဖြစ်သည့် ကိုယ်ချင်းစာ တရား မရှိပါမူ အချည်းနှီးပင် ဖြစ်သည်။ အခန့်မသင့်၍ တစ်စုံတခုသော အကြောင်း အရာတစ်ခုကို အရင်းပြု၍ ဝါဒမှိုင်းတိုက်ခြင်းခံရပါမူ ဒုစရိုက် အကြမ်းဖက် သမားတစ်ဦး အဖြစ်ပင်ပြောင်းလဲသွားနိုင်သည်။ လူ သတ္တဝါတိုင်းတွင် တွေ့ရတတ်သော အကျင့်တစ်ခုမှာ သက္ကာယ ဒိဋ္ဌိ ဟူသော ငါစွဲ အတ္တ ရှိတတ်ကြသည်သာ ဖြစ်၍ ငါ့လူမျိုး၊ငါ့နိုင်ငံ၊ ငါ့ဘာသာ ဟူ၍ အဆုံးမှာတော့ ငါ ကောင်းဖို့တည်း ဟူသော ရှူထောင့်မှ ကြည့်တတ်ကြသည်သာချည်းဖြစ်၏။

ပြဿနာတစ်ခုကို ရှူမြင်သည့် အခါတိုင်းတွင် တရား မျှတခြင်း ရှိမရှိ၊ သဘာဝ ကျလား မကျလား ဆိုတာ အပထား လို့ ဟ ဒီလိုဆိုရင်တော့ ငါ့ အကျိုးယုတ်မှာပဲ ဟယ် ဒီလိုဆိုရင်တော့ဖြင့် ငါ့ အကျိုးရှိလိမ့်မည် ဟူသော အမြင်မျိုးများဖြင့် ပြူလုပ်ဖန်တီး မိသော လူတို့၏ လုပ်ရပ်များမှာ ထိုသူတို့၏ ရည်ရွယ်ရာသို့ မရောက်တတ်ပဲ အလွဲလွဲ အချော်ချော်နှင့် အရှက်တကွဲ အကျိုးနည်းဖြစ်ကာ နောက်ဆုံးတွင်တော့ မြောင်းထဲသာ ရောက်သွားတတ်သည်သာဖြစ်သည်။ ကျွန်တော် ဆိုလိုသည်မှာ ကိုယ်ချင်းစာတရားထားတတ်သောသူသည် ချမ်းသာသောလူ၊ ဂုဏ်ရှိသောသူ၊ အာဏာရှိသောသူ စသည့် လူများထက် သာလွန်မြင့်မြတ်ပေသည်။

credite: အတီး (ဝါးလုံးရှည်)