လှည်းကူးမြို့မဈေးတွင် ခိုက်ရန်ဖြစ်ပွားခဲ့သူ သုံးဦးကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်း

ပို့စ်တင်ချိန် - 4/06/2014 02:09:00 PM


ရန်ကုန်၊ ဧပြီ ၅

လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဆိုင်ချင်းကပ် ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဈေးရောင်းချသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ ဖြစ်ပွားခဲ့မှုတွင် အဆိုပါ ခိုက်ရန် ဖြစ်ပွားခဲ့မှု စတင်ခဲ့သော ဈေးဆိုင်မှ အမျိုးသားသုံးဦးကို ယင်းနေ့ ည ၆ နာရီခွဲခန့်က အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။

လှည်းကူးမြို့မ ဈေးအောက်ထပ် အရှေ့ဘက်ခြမ်းရှိ အမိုးအကာ ရောင်းချသော ဆိုင်ခန်းမှ ဈေးရောင်းနေသော အစ္စလာမ် ဘာသာဝင် အမျိုးသားသုံးဦးနှင့် ဆိုင်ခန်းကပ်လျက်ရှိ ချစ်မိတ်ဆွေ နာရီအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ အသက် ၂၀ အရွယ်ရှိ ဗုဒ္ဓဘာသာဝင် ကိုသက်ပိုင်ဦးတို့ စကားများ ရန်ဖြစ်ရာမှ အသက် ၁၇ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသားက ကတ်ကြေးဖြင့် ကိုသက်ပိုင်ဦး၏ မျက်လုံးကို ထိုးကာ ဈေးအရှေ့ ကားလမ်းတစ်ဖက်ရှိ ဦးလေးနေအိမ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ အနီးအနားရှိသူများ စုဝေးရောက်ရှိခဲ့ပြီး အဆိုပါ နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ကာ ဘာသာရေးအသွင်ဆောင် ပဋိပက္ခအထိ ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

လူစုလူဝေးဖြင့် နေအိမ်ကို ခဲများပစ်ပေါက် ဖြိုဖျက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ကာ ထိန်းသိမ်းခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ပြီးနောက် ဆူပူမှုများ ထပ်မံ မဖြစ်ပွားစေရန် သက်ဆိုင်ရာက ယင်းနေ့ည ၉ နာရီတွင် ပုဒ်မ ၁၈၈ (ညမထွက်ရ အမိန့်) ကို လှည်းကူးမြို့နယ်တွင် ထုတ်ပြန်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လူစုလူဝေးက ခဲများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ခဲများ ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်က အဆိုပါ လူစုလူဝေးကြီး ကွဲသွားသော်လည်း လူ ၁၀၀ ခန့်က တုတ်၊ ခဲ၊ လေးခွများ ကိုင်ဆောင်ပြီး နေအိမ်များ၊ ဆိုင်ခန်းများနှင့် ဗလီကို ပစ်ပေါက်ကာ ပဲခူးလမ်းမကြီးရှိ မောင်းနှင်လာသော ယာဉ်များတွင် လိုက်ပါလာသည့် ခရီးသည်များကို ကိုးကွယ်သည့် ဘာသာများ စစ်ဆေးမေးမြန်း နေသောကြောင့် ရဲတပ်ဖွဲ့က အဆိုပါလူစုကို ဖြိုခွဲ ဖြေရှင်းပေးခဲ့ရကြောင်း ဈေးကြီးရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

ရဲတပ်ဖွဲ့က လူစုခွဲ ဖြေရှင်းမှုကြောင့် ဒဏ်ရာရရှိသူ ဆယ်ဦးခန့်ရှိပြီး ခဲဖြင့် ပစ်ခတ်သူ နှစ်ဦးနှင့် ပုဒ်မ ၁၈၈ ထုတ်ပြန်ပြီးနောက် တုတ်၊ ခဲများ ကိုင်ဆောင်ပြီး ရန်ကုန်-ပဲခူး လမ်းမကြီးပေါ် သွားလာနေသူ လေးဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲမှူးခင်မြင့်က ပြောကြားသည်။

“မနေ့ည ၁၀ နာရီလောက်က ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ အပြင်ထွက်ခွင့် မပြုတော့ဘူးလို့ ရပ်ကွက်ထဲမှာ အသိပေးပြီး ရဲတွေ နေရာအနှံ့ လုံခြုံရေး ယူထားတာကြောင့် လမ်းပေါ်ဘယ်သူမှ ထွက်မလာတော့ဘူး။ ဒီမနက်တော့ ရန်ကုန်-ပဲခူး လမ်းမကြီးဘေးက အစ္စလာမ် ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေ အားလုံး ပိတ်ထားတယ်” ဟု ယင်းမြို့မဈေးအနီး နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။

ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ စတင်ဖြစ်ပွားစေခဲ့သော ဈေးဆိုင်နှစ်ဆိုင်၏ ဆိုင်ရှင်တို့မှာ လွန်ခဲ့သော တစ်လခန့်က စကားများ ရန်ဖြစ်ခဲ့သောကြောင့် ဈေးစည်ပင်က နောက်တစ်ကြိမ် ရန်ထပ်မံ ဖြစ်ပွားပါက တစ်လ ဆိုင်ခန်းပိတ်မည် ဖြစ်ကြောင်း ခေါ်ယူသတိပေး ခံထားရကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကတ်ကြေးက မျက်လုံးကို ထိုးမိလို့ မျက်စိထိခိုက်သွားတယ်။ တာမွေက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံမှာ ခြောက်ချက် ချုပ်ခဲ့ရတယ်။ ဒဏ်ရာက သက်သာလို့ မနက်က ဆေးရုံခွင့်ပြုချက်နဲ့ ပြန်ဆင်းလာပါပြီ။ ကတ်ကြေးနဲ့ ထိုးတဲ့သူ အပါအဝင် အဲဒီဈေးဆိုင်က အမျိုးသား သုံးဦးလုံးကို မနေ့ညက အင်းစိန်အကျဉ်းထောင်ဆီ ပို့ထားပြီး စစ်ဆေးနေတယ်” ဟု လှည်းကူးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“မနေ့ညက မြို့ထဲမှာ လူအုပ်စုလိုက် တုတ်တွေ၊ ခဲတွေ၊ လေးခွတွေ ကိုင်ပြီး သွားနေကျတာ မြင်လိုက်ရတော့ တော်တော်လေး လန့်သွားတယ်။ ရဲတွေက မြို့ထဲနေရာအနှံ့မှာ လုံခြုံရေး ယူပေးထားတာကြောင့် ဒီမနက် မြို့ထဲမှာ အရင်အတိုင်း အေးချမ်းသွားတယ် ဆိုပေမယ့် နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်။ ဒီနေ့ဆို ယောက်ျားနဲ့ သားကို အပြင်ထွက်ရင် တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ အလုပ်မသွားခိုင်းဘူး” ဟု ဈေးကြီးရပ်ကွက်အနီး နေထိုင်သူ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးကြီးက ပြောဆိုသည်။

The Voice Weekly