ရခိုင်ပြဿနာ ဖြေရှင်းရေး ညီလာခံတွင် အဖြေရှာရန် သမ္မတရုံးဝန်ကြီး တိုက်တွန်း

ပို့စ်တင်ချိန် - 4/28/2014 12:33:00 PM


ကျောက်ဖြူ၊ ဧပြီ ၂၇

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရန် လက်တွေ့ကျသည့် ရေရှည်အမြော်အမြင် ရှိသည့် သဘောထားများ၊ လုပ်ငန်းစဉ်များ ထွက်ပေါ်လာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ကျောက်ဖြူမြို့တွင် ကျင်းပနေသည့် ရခိုင်အမျိုးသားညီလာခံတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့များ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ ရခိုင်တိုင်းရင်းသားများ စသည့် လူပုဂ္ဂိုလ် နှစ်ထောင်ဝန်းကျင် တက်ရောက်သည့် ရခိုင်အမျိုးသားညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပလျက် ရှိသည်။

“ရခိုင် ပြဿနာတွေ မပြေလည်ရင် တစ်နိုင်ငံလုံးကို ထိခိုက်မယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်နိုင်တယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ ယင်းကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့၊ ရပ်မိရပ်ဖ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် CSO ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာတစ်ခုကို တည်ထောင် ဆောင်ရွက်နေပြီး ရခိုင်တိုင်းရင်းသားများ အားလုံးအနေနှင့်လည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်အမျိုးသား ညီလာခံကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မူဝါဒများ ချမှတ်နိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပြီး ဥပဒေမဲ့ နည်းလမ်းဖြင့် မဖြေရှင်းရန် အဆိုပါ ညီလာခံတွင် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

ရခိုင်အမျိုးသားညီလာခံကို ရခိုင်အမျိုးသား ညီညွတ်ရေး၊ တန်းတူရေးနှင့် တရားမျှတရေး၊ လုံခြုံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်သစ်တစ်ရပ် ပေါ်ပေါက်ရေး ရည်ရွယ်ချက် သုံးချက်ဖြင့် ကျင်းပနေကြောင်း ညီလာခံကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

ရခိုင်အမျိုးသားညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ဦးအောင်မင်း အပါအဝင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် စသည်တို့ တက်ရောက်ခဲ့ပြီး မေလ ၁ ရက်နေ့တွင်လည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တက်ရောက်မည် ဖြစ်သည်။

ရခိုင်အမျိုးသားညီလာခံကို နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ကျင်းပခြင်း ဖြစ်ပြီး ယခုမတိုင်မီ ၁၉၄၇ ခုနှစ်တွင် တစ်ကြိမ် ကျင်းပခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရခိုင်လူထု အစည်းအဝေး တစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည်။

The Voice Weekly