သိမ်းဆည်းမြေ ပြန်ရရေး ရွှေလဝင်း လွန်းတင်လုပ်သား တစ်ရာကျော် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 4/29/2014 07:05:00 PM


ရန်ကုန်၊ ဧပြီ ၂၈

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ ငှားရမ်းထားသော မြေကို ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးမှူးက အစိုးရပိုင်မြေ အဖြစ် သိမ်းဆည်းထားခြင်းကြောင့် အဆိုပါ မြေပေါ်တွင် လွန်းတင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ရွှေလဝင်း လွန်းတင်လုပ်သား ၁၀၀ ကျော်က ဧပြီလ ၂၈ ရက် မနက် ၉ နာရီ ဝန်းကျင်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဆန္ဒပြသူများသည် သင်္ဘောလွန်းတင် လုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့် ရရှိရေး၊ ဆင်းရဲသား အလုပ်သမားများ အလုပ်အကိုင်ရရှိရေး ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အငြင်းပွားဖွယ် မြေပေါ်တွင် ရွှေလဝင်း လွန်းတင်လုပ်ငန်း လုပ်ကိုင်သည့် ပိုင်ရှင် ဦးစိုးကြည်က ပြောကြားသည်။

“ကျွန်တော်တို့က မွေး/ရေကို အစိုးရဆိုပြီး ခိုင်ခိုင်မာမာနဲ့ ယုံကြည်ရတယ် ဆိုပြီး စာချုပ်ချုပ်တာပါ။ ခုတော့ ဒီကိစ္စအတွက် သူတို့က တာဝန်လည်း မယူဘူး။ တာဝန်လည်း မခံဘူး။ အလုပ်သမား ၁၀၀ ကျော်ရဲ့ ဝမ်းရေးကလည်း ဒီလုပ်ငန်းပေါ်မှာ မှီခိုနေရတာပါ။ ကျွန်တော်တို့ မြေပေါ်မှာ အလုပ်ပြန်လုပ်ချင်ပါတယ်” ဟု ရွှေလဝင်း လွန်းတင် လုပ်ငန်းရှင် ဦးစိုးကြည်က ဆိုသည်။

ရွှေလဝင်း လွန်းတင်လုပ်ငန်းသည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနထံမှ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာရှိ မြေ ၁ ဒသမ၂၄ ဧကကို ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်းက တစ်လ ၁၂၀,၀၀၀ ကျပ်ဖြင့် ငါးနှစ်တစ်ကြိမ်၊ သုံးကြိမ်ဆက်တိုက် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောကြားသည်။

သို့ရာတွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင်မူ ဒေးဒရဲ မြို့နယ်အုပ်ချုပ်ရေးမှူးက အဆိုပါမြေကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်ဖြင့်ဟု ဆိုကာ အစိုးရပိုင် သိမ်းဆည်း၍ လုပ်ငန်းများ ရပ်ဆိုင်းရန် အကြောင်းကြားလာခြင်းကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ဦးစိုးကြည်က ရှင်းပြသည်။

အဆိုပါမြေကို နာဂစ်ကာလ အလွန်တွင် စက်လှေများ လွန်းတင်ရန်အတွက် ဝန်ကြီးဌာနက ပုဂ္ဂလိကကို ငှားရမ်းခဲ့သော်လည်း ယခုအခါ မူလပိုင်ရှင်များက ပြန်လည် လျှောက်ထားလာကြောင်း ဒေးဒရဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။

“ဒါက အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်နဲ့ပါ။ ချုပ်ထားတဲ့ စာချုပ်တွေ ပျက်ပြယ်လား ဘာလားကတော့ ကျွန်တော်လည်း မသိဘူး။ ဒီထက် ပိုပြီးလည်း မပြောနိုင်ပါဘူး” ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ ၂၇ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

အဆိုပါကိစ္စအတွက် စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သည့် ရန်ကုန်တိုင်း ငါးလုပ်ငန်း ဦးစီးဌာနသို့ ဧပြီလ ၂၈ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

The Voice Weekly