ဘင်္ဂါလီကျေးရွာနှင့် ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းမဖြေရန် အကျပ်ကိုင်မှုများ ရှိနေဟုဆို

ပို့စ်တင်ချိန် - 4/05/2014 09:06:00 AM


ရိုဟင်ဂျာဟု လက်ခံမှ သန်းခေါင်စာရင်းဖြေဆိုမည်ဟု စာကပ်ထားသော ဘင်္ဂါလီနေအိမ်အ၀င်အ၀ရှိ သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)


စစ်တွေမြို့၊ ဘင်္ဂါလီကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကို မဖြေဆိုရန် ခြိမ်းခြောက်အကျပ် ကိုင်မှုများရှိနေကြောင်း သတင်းရရှိသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ကမန်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးအချို့ကဖြေဆိုလိုက်သော်လည်း ၎င်းတို့ကိုအကျပ်ကိုင်ပြီး မဖြေခိုင်းသည့်အဖွဲ့ များရှိနေ၍ မဖြေဆိုရဲကြကြောင်း၊ အမှတ်(၄)ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့ ဒုတိယကွပ်ကဲရေးမှူးရဲမှူးကြီး ထွန်းဦးကပြောသည်။

‘‘သူတို့အချင်းချင်းမှာလည်း ကွဲပြားနေတယ်။ ဖြေချင်တဲ့သူတွေရှိတယ်။ မဖြေရဲအောင် သိုသိုသိပ်သိပ်နဲ့ လုပ်နေတဲ့အဖွဲ့တွေရှိပါတယ်။ အခုပြောသွားတဲ့ ကမန်တွေဆို ဗမာ၊ ရခိုင်စကားလည်း ပီပီသသပြောတတ်တယ်။ မျက်နှာသွင်ပြင်တွေကိုပဲကြည့် ကွဲပြားပါတယ်’’ဟု ရဲမှူးကြီးထွန်းဦးက ဆိုသည်။

စစ်တွေမြို့အနောက်ဘက် ဘင်္ဂါလီကျေးရွာများ၊ ဒုက္ခသည်စခန်းများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ၉၀ ရာခိုင်နှုန်းခန့် ဖြေဆို၍ ကောက်ယူခြင်းမရှိခဲ့ဘဲ ကမန်တိုင်းရင်းသားများနှင့် လူမျိုးအမည်တွင် မည်သည့်နာမည်မှ မဖြေဆိုခဲ့သူအချို့ကိုသာ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။

သန်းခေါင်စာရင်းမဖြေဆို ရန် အကျပ်ကိုင်မှုများနှင့်ပတ် သက်၍လည်း ရဲမှူးကြီးထွန်းဦးက သဲချောင်းအရှေ့ဘက်ဒုက္ခသည် စခန်းနှင့် ဒါးပိုင်ကျေရွာတွင် တ ရားဝင်စာရင်းများအရ ကမန် တိုင်းရင်းသားမိသားစုမှာ သုံးရာ ကျော်ရှိရမည်ဖြစ်သော်လည်း လက်ရှိသန်းခေါင်စာရင်းဖြေဆို သူ အိမ်ထောင်စု ၆၀ကျော်သာရှိ မည်ဟုပြောသည်။

သက္ကယ်ပြင်ကျေးရွာတွင် နေထိုင်သူတစ်ဦးကမူ ၎င်းတို့သည် ရိုဟင်ဂျာလူမျိုးသာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ယင်းအတိုင်းသာ ဖြေဆိုမည်ဖြစ်ပြီး ရသင့်သောအခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ကြောင်း ပြောသည်။

‘‘တချို့အိမ်တွေဆိုရင် သူတို့တိုင်းရင်းသားအမည်မှန်ကို ပြောချင်ပေမယ့် တစ်ခုခုကိုကြောက်ပြီး မဖြေရဲတဲ့ပုံစံနဲ့ အဲဒီ အချိန်မှာ ဘေးက စကားပြန်က ရိုဟင်ဂျာလို့ ၀င်ဖြေလိုက်တာနဲ့ ရိုဟင်ဂျာပါလို့ ဖြေလိုက်တဲ့အိမ်တွေ အများကြီး’’ဟု စာရင်းကောက်ဆရာမတစ်ဦးကဆိုသည်။

ယင်းသို့ သန်းခေါင်စာရင်းတွင် မဖြေဆိုရန် အကျပ်ကိုင်မှုများမှာ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင်ပါ ဖြစ်ပွားနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။

‘‘အခြေအနေအရ ဒီကိုရောက်နေပေမယ့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာပါလို့ ပြောတဲ့သူတချို့နဲ့ နေရတာလည်း အဆင်မပြေပါဘူး’’ဟု ကျောက်ဖြူမြို့နယ်မှ သဲချောင်းဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသူ ဦးဝင်းမောင်ကဆိုသည်။

7day daily