မြန်မာ့ရိုးရာသင်္ကြန်ကာလ မန္တလေးမြို့ ပိုမိုလုံခြုံစေရန် မိုင်းရှင်းအဖွဲ့အသင့်ထားမည်

ပို့စ်တင်ချိန် - 4/08/2014 03:06:00 PM


မျိုးသန့်

မန္တလေး၊ ဧပြီ ၇

မဟာသင်္ကြန်ပွဲတော်ရက်ပိုင်းအတွင် ပြည်သူများလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များဖြင့် ကွပ်ကဲခြင်းအပြင် ပိုမိုလုံခြုံစေရန် မိုင်းရှင်းလင်းရေးအဖွဲ့ကိုပါ ထားရှိမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက မဇ်္ဈိမကိုပြောသည်။

“သင်္ကြန်တွင်းလုံခြုံရေးအတွက်ကွပ် ကဲရေးရုံးတွေ ကျုံးဘေးပတ်လည်မှာ သုံးခု ထားရှိမှာဖြစ်သလို လုံခြုံရေး အင်အားကို ၁,၅၀၀ဦး ထားရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မိဘပြည်သူတွေ ပိုမိုစိတ်အေးချမ်းသာစွာ နဲ့ ရေကစားနိုင်အောင် မိုင်းရှင်းလင်းရေး အဖွဲ့ကိုလည်းထားရှိမှာဖြစ်ပါတယ် ”ဟု ၎င်းက ပြောသည်။

မန်္တလေးမြို့တွင်း လုံခြုံရေးပိုင်းဆိုင်ရာ ကွပ်ကဲရေးရုံးများအဖြစ် ကျုံးရှေ့၊ တောင်၊ နောက်ဘက်တို့တွင် ထားရှိမည်ဖြစ်ကာ အဆိုပါရုံးများနှင့် မိုင်းရှင်းလင်းရေးအဖွဲ့ များ ပူးပေါင်းကာ မသင်္ကာစရာတွေ့ရှိလျှင် စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။ ကျုံးဘေးပတ်လည်အပြင် ကန်တော်ကြီး နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတို့တွင် အနီးကပ်လုံခြုံရေးအဖွဲ့များ ထားရှိရန် လည်း စီစဉ်နေသည်။

“လုံခြုံရေးအတွက် အဓိကအဖြစ် နာမည်ကြီးအဆိုတော်တွေရှိမယ့် နေရာတွေ ကို ပိုထားပေးမှာ ဖြစ်ပါ တယ်။ သောက်စား ရမ်းကားနေတဲ့သူတွေကို သတိပေးမယ်။ မရရင် ၀တ်္တရားနှောင့်ယှက်မှုနဲ့ ဖမ်းဆီးမယ်။ အများပြည်သူ စိတ်အနှောင့်အယှက် မဖြစ်အောင်ပါ” ဟု ဆိုသည်။

သင်္ကြန်ပွဲတော်အခါသမယတွင် မူးယစ်သောက်စားရမ်းကားသူ ပေါများ သောကြောင့် ရန်ပွဲများဖြစ်ပွားလျှင် အချိန်မီကုသပေးနိုင်ရန် ကွပ်ကဲရေးရုံးများ တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များကို ထားမည်ဖြစ်သည်။

အရေးယူမှုပိုင်းကို ရဲတပ်ဖွဲ့ဝင် အင်အား ၁,၅၀၀ဖြင့် ချက်ချင်းဖမ်း၊ ချက်ချင်း အရေးယူသည့် စနစ်ကျင့်သုံး သွားမည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါ တာဝန်ရှိသူက ပြောသည်။


Mizzima Burmese