လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှုနှင့် လုယက်မှုများ အစိုးရသစ် လက်ထက်တွင် ပိုများလာ

ပို့စ်တင်ချိန် - 4/05/2014 01:18:00 PM


(ရန်ကင်းမြို့နယ်၌ ဖြစ်ပွားခဲ့သော ရက်စက်စွာ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူကို ပြင်းထန်စွာ အရေးယူပေးရန် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ- ဝေလင်းအောင်))

အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ ခုတွင် မုဒိမ်းမှု၊ ဓားပြမှု၊ လုယက်မှုတို့မှာ နှစ်စဉ်တိုးမြင့် လာနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ထုတ်ပြန်မှုများအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၄ ခုနှစ် မတ်လကုန်အထိ အချက်အလက်များ ပါရှိခဲ့ပြီး ပထမပိုဒ်တွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန်ခိုးမှု၊ နိုင်ငံတော် သစ္စာဖောက်မှု၊ လက်နက်မှုနှင့် မတရားအသင်း စသည်တို့ ပါဝင်သည့် အမှုကြီး ၁၀ မှုကို ဖော်ပြထားသည်။

အမှုကြီး ၁၀ ခုတွင် လူသတ်မှုမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တစ်နှစ်လျှင် ပျမ်းမျှ အမှု ၁၀၀ ခန့်သာ ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ အမှုပေါင်း ၁၅၀ ကျော်ထိ ရှိလာနေကြောင်း သိရသည်။

မြင့်တက်လာသော လူသတ်မှုများတွင် အများပြည်သူမှ လက်ရှိအချိန်ထိ စိတ်ဝင်တစား သိရှိလိုနေသော ၂၀၁၁ ခုနှစ်က မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘီယာဆိုင်တစ်ခုတွင် မျက်နှာဖုံးစွပ် အယောက် ၂၀ ကျော်ခန့်က လူတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှာမူ လက်ရှိအချိန်ထိ ပြီးပြတ်သည့် တရားရုံး အမိန့်ချမှတ်ထားနိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် ၂၀၁၃ ခုနှစ်၌လည်း မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော သမီးနှင့် အမေဖြစ်သူအား လည်လှီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သူကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ လုယက်မှုနှင့် မုဒိမ်းမှုဖြစ်စဉ်များမှာလည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပိုမိုများပြားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရှေ့ပိုင်းကာလများတွင် တစ်နှစ်လျှင် အမှု ၂၀ သာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်မှ စတင်ကာ ၁၀ မှုမှ ၁၅ မှုအထိ တိုးတက်လာခဲ့ပြီး မုဒိမ်းမှုများမှာလည်း ရာဂဏန်းကျော်ထိပင် ရောက်ရှိလာခဲ့သည်။

၁၀ နှစ်တာ ဓားပြတိုက်မှု ဖြစ်စဉ်တွင် ၂၀၁၁ ခုနှစ်၌ အဆိုးရွားဆုံး ဖြစ်ပွားခဲ့ကာ ၄၇ မှုအထိရှိခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၃ ထိ ဆက်လက်များပြား နေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အခြားအမှုများဖြစ်သော ခိုးမှုဖြစ်စဉ်များမှာမူ လျော့ကျသွားခဲ့ပြီး ယခင်တစ်နှစ်လျှင် အမှုပေါင်း ၂၀၀ ကျော်ထိ ရှိခဲ့သော်လည်း ယခုနောက်ပိုင်း နှစ်များတွင်မူ ၈၀ ခု ခန့်သာ ဖြစ်ပွားခဲ့ကြောင်း သို့သော် နာကျင်စေမှုနှင့် ယာဉ်တိုက်မှုကြောင့် နာကျင်စေသည့် အမှုများမှာမူ တိုးတက်လာနေကြောင်း သိရသည်။

လက်ရှိအစိုးရသစ် လက်ထက်အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် ၄၉ ကြိမ်ပေးခဲ့ပြီး အကျဉ်းသား ၆၈၀၀၀ ကျော် လွှတ်ပေးခဲ့သည်ဟု သမ္မတ ဦးသိန်းစိန်က မတ် ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။ လွှတ်ပေးခဲ့မှုများတွင် ပါဝင်ခဲ့သောယခင် လူသတ်မှု၊ ခိုးမှု၊ လုယက်မှုများ ကျူးလွန်ခဲ့မှုကြောင့် အကျဉ်းကျခဲ့သည့် သူများမှာ လက်ရှိမြင့်တက်နေသော အမှုကြီး ၁၀ မျိုးအပြင် အခြားအမှုများတွင် ပြန်လည်ပါဝင် ကျူးလွန်မှုများ ရှိနေကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည့် ၆၈၀၀၀ အနက် ၁၀၀၀ ကျော်သာ နိုင်ငံရေးဖြင့် အကျဉ်းကျခံရသူများ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ ဖော်ပြထားမှုအရ လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ ခြေချုပ်၊ ရဲအက်၊ ကျင့် ၅၄၊ အရေးပေါ် ၅ (ည)နှင့် ဆင်ဆာဗီဒီယို အမှုများတွင် ပျမ်းမျှအမှု အရေအတွက် ဖြစ်ပွားမှုနှုန်းမှာ လျော့ကျနေကြောင်း ဖော်ပြထားသည်။



Eleven Media Group