ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ / ဗမာနဲ့ပတ်သက်ပြီး ဂျာမဏီနိုင်ငံအစိုးရအဖွဲ့နှင့် ပြည်သူများကို ရှင်းလင်းပြောပြချက်ဘာသာပြန်(ရုပ်။သံ)

ပို့စ်တင်ချိန် - 4/12/2014 11:13:00 PM


ကျမဘာကြောင့် Burma လို့ သုံးရသလဲဆိုတာကို ဒီနေရာမှာ ရှင်းဖို့လိုလာပါတယ် ။ လူတော်တော်များများကလည်း ဒီအကြောင်း ကျမကို မေးကြတယ်လေ ။

၁၉၄၈ မှာ လွတ်လပ်ရေးရလာတော့ ကျမတို့နိုင်ငံကို Burma လို့ သိကြပါတယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ( BSP ) လက်ထက် ၁၉၇၀ နဲ့ ၁၉၈၀ နှစ်များ ကာလအတွင်းလို့ ထင်ပါတယ် ..........နှစ်အတိအကျကိုတော့ ကျမ သိပ်မမှတ်မိပါဘူး.........ဒီလို မမှတ်မိတာကဘဲ ဒီကိစ္စကို ကျမ သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေဘူး ဆိုတာ ပြနေတယ်လို့ ပြောရမှာပါ ဘဲ ။
အဲဒီနှစ်တွေ အတွင်းမှာထိလည်း ကျမတို့ဟာ Burma ဆိုတဲ့နာမည်နဲ့ ဆက်ရပ်တည်ခဲ့ပါတယ် ။


ဒါပေမယ့် ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ........တစ်နေ့လည်းကျရော သတင်းစာတွေမှာ ကြေငြာလိုက်ပါတယ် ။ အဲဒီနေ့ အဲဒီရက်က စပြီ ကျမတို့ နိုင်ငံကို နိုင်ငံတကာမှာ Myanmar လို့ ခေါ်ရမယ် လို့ ပါ ။ Burma လို့ မခေါ်ရတော့ပါဘူး တဲ့ ။ ကျမ သိသလောက်တော့ ကြေငြာချက်က အစိုးရပိုင်ရေဒီယိုတွေမှာတော့ မပါဘူးလို့ သိရပါတယ် ။
ဒီလို နာမည်ပြောင်းမှုအတွက် တရားဝင်ထုတ်ပြန်ရှင်းပြချက်မှာ ပြောတာက Burma ဆိုတာ ကိုလိုနီတွေ ထွင်ခဲ့တဲ့ နာမည်ဖြစ်တာကြောင့်လို့ ဆိုပါတယ် ။ Myanmar ဆိုတာတော့ ကျမတို့က ကျမတို့နိုင်ငံကို ခေါ်တဲ့ မူရင်းနာမည်လို့ ဆိုပါတယ် ။

ဒါဟာ မဟုတ်ပါဘူး ။ ကျမ အစောပိုင်းတုန်းက ပြောခဲ့သလိုဘဲ Burma ဆိုတာ တိုင်းရင်းသားအများကြီး ပါဝင်တဲ့ နိုင်ငံပါ ။ ဗမာ ( Burmese ) ဆိုတာ အဲဒီအများကြီးထဲက တိုင်းရင်းသားတစ်မျိုးသာ ဖြစ်ပါတယ် ။ ဗမာဆိုတာကို စာတွေ ပေတွေထဲမှာ ရေးရင် Myanmar လို့ ရေးတတ်ကြပါတယ် ။ ဒီတော့ Myanmar ဆိုတာ Burmese လို့ ခေါ်တဲ့ လူဦးရေအများဆုံးတိုင်းရင်းသား တစ်ရပ်ရဲ့ literary name သာ ဖြစ်ပါတယ် ။ ကျမက ဗမာပါ ....သို့မဟုတ် မြန်မာပါ ။ ကျမ ဗမာစကားပြောရင် ကျမတို့ကို ကျမတို့ Burmese လို့ ဘယ်တော့မှ မရည်ညွှန်းဘဲ Myanmar လို့သာ ရည်ညွှန်းပြောဆိုပါတယ် ။

ဒီလိုဘဲ လူကြီးမင်းတို့လည်း အင်္ဂလိပ်စကားပြောရင် ကိုယ့်ကိုယ်ကိုယ် ရည်ညွန်းပြောဆိုကြတဲ့အခါ ဂျာမန် ( German ) လို့ ရည်ညွန်းကြရပါတယ် ။ ဒွိုက်ရှ် Deutsch လို့ မရည်ညွှန်းကြပါဘူး ။ ဒါလုံးဝကို သဘာဝကျပါတယ် ။ ပြင်သစ်တွေဆိုရင်လည်း အင်္ဂလိပ်လိုပြောကြရင် သူတို့ကိုသူတို့ French လို့ ပြောကြပါတယ်......français လို့ မပြောကြပါဘူး ။ ဒီလိုဘဲ ကျမလည်း အင်္ဂလိပ်လိုပြောရင် ကျမတို့နိုင်ငံကို Burma လို့ ရည်ညွှန်းပြောဆိုလေ့ရှိပါတယ် ။

ဒါပေမယ့် Myanmar ဆိုတဲ့ နာမည်ကို ကျမ ကန့်ကွက်ရတဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူ့ဆန္ဒ ဘယ်လိုရှိသလဲ ဆိုတာ မမေးဘဲ အတင်းအကျပ် ပြောင်းခဲ့လို့ပါဘဲ ။ တနည်းပြောရရင် လုံးဝ ဒီမိုကရေစီမကျတဲ့နည်းနဲ့ ပေးခဲ့တဲ့ နာမည်မို့လို့ပါဘဲ ။ ကျမတို့ကို ဒီနာမည်နဲ့ ကမ္ဘာက သိရမယ် ဆိုပြီး အာဏာလက်ဝယ်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ ။ ဒါကြောင့် ကျမက ကျမတို့နိုင်ငံကို Burma လို့ ဆက်လက်ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေနဲ့ ပြောရရင် Burma လို့ ခေါ်မလား ၊ Myanmar လို့ခေါ်မလားဆိုတာ လူကြီးမင်းတို့အနေနဲ့ မိမိဘာသာ ဆုံးဖြတ်လို့ ရပါတယ် ။

ကျမအတွက်တော့ နှစ်ခုလုံးကို လက်ခံလို့ ရပါတယ် .......ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ခေါ်မယ် ၊ တစ်စုံတစ်ယောက်က ဒီနာမည်ကို ခေါ်ရမယ် လို့ အတင်းအကြပ်ခိုင်းလို့ ခေါ်ရတာမျိုး မဟုတ်ဘူး ဆိုရင်ပေါ့လေ ။

Spring Flowers
ပြန်လည်မျှဝေပေးပါတယ်။