ပြည်ခိုင်ဖြိုးပါတီဝင်များ မီဒီယာ၏ အသုံးချခံရသူမဖြစ်ရန် ၀န်ကြီးချုပ်သတိပေး

ပို့စ်တင်ချိန် - 4/07/2014 08:31:00 PM


ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အနေဖြင့် မီဒီယာ၏ အသုံးချခံရသူများမဖြစ်ရန်နှင့် ကိုယ်ကျင့်တရား အပြုအမူ အပြောအဆို ဆင်ခြင်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက ဧပြီ ၇ရက်က ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ မူယာပင်ခန်းမတွင် ပြုလုပ်သော ကြံ့ခိုင်ရေးပါတီ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်ကိုယ်စားလှယ်လောင်း တာဝန်ပေးအပ်ပွဲတွင် သတိပေးပြောဆို လိုက်သည်။

“မိမိတို့သည် မီဒီယာရဲ့သားကောင်များ မဖြစ်ပွားရစေဖို့အတွက် မိမိတို့၏ကိုယ်ကျင့်တရား အပြုအမူ အပြောအဆိုကို ဆင်ခြင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် စံနမူနာပြဖြစ်အောင်
ကျင့်ကြံနေထိုင်သွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက ဆိုသည်။

အခြားနိုင်ငံရေးပါတီများသည် မီဒီယာများကိုအသုံးချကာ တစ်ဦးနှင့်တစ်ဦး အပြစ်တင်ခြင်း၊ ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်းစသည့် နိုင်ငံရေးထိုးနှက်မှုများ ပြုလုပ်နေကြသည်ဟုလည်း ပဲခူးတိုင်းဝန်ကြီးချုပ်က ဝေဖန်ပြောဆိုလိုက်သည်။

“လူတစ်ဦးတစ်ယောက်၊ ပါတီတစ်ခုရဲ့ကောင်းခြင်း၊ ဆိုးခြင်းဆိုတဲ့ သတင်းတွေကို ဒီကနေ့ လူတွေကြားမှာ အချိန်တိုအတွင်း ပျံ့နှံ့နေပြီဖြစ်ပါတယ်။ မိမိတို့ရဲ့ကောင်းသတင်း တွေကိုသာ မြန်မာနိုင်ငံအနှံ့ပျံ့နှံ့သွားစေဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ မကောင်းတဲ့ အမူအကျင့် စရိုက်တွေ မပြန့်ပွားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ထိန်းချုပ်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ဆိုသည်။

အခမ်းအနားသိှု့ ပြည်ခိုင်ဖြိုးပါတီဝင် ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခုမှ မြို့နယ်အလိုက် လူငယ်ခြောက်ဦးကို လူငယ်ကိုယ်စားလှယ်လောင်းများ အဖြစ်ရွေးချယ်ခဲ့သည်။

Mizzima Burmese