ရွှေတောင်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် လူ ၃ ဦးသေဆုံး

ပို့စ်တင်ချိန် - 4/13/2014 10:05:00 PM


ရွှေတောင် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ ကြို့ကုန်းအုပ်စု ၊ ကြို့ကုန်း ကျေးရွာအနီး ရန်ကုန်-ပြည်လမ်း ၊ မိုင်တိုင်အမှတ် (၁၆၈/၂) နှင့် (၁၆၈/၅)အကြား၌ ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲက ရုတ်တရက် လေပြင်း တိုက်ခတ်မှုကြောင့် ကုက္ကိုပင် ၊ အော်ရီးရှားပင် ၊ မယ်ဇလီပင်များ အပင် (၅၀) ခန့်ကျိုးပဲ့၍ တာလမ်းပေါ်သို့ လဲကျ လမ်းပိတ်ခဲ့သည်။ ယင်းသို့ ရုတ်တရက် လေပြင်း တိုက်ခတ်၍သစ်ပင်များ ပြိုလဲနေစဉ် အချိန်တွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်း ဦးဝင်းနိုင်ဦး (ဘ) ဦးပန်းအေး ၊အသက်(၄၅)နှစ် ၊ ၀က်လှကျေးရွာ ၊ မင်းလှ မြို့နယ်နေသူ မောင်းနှင်လာသော (၇င / ၈၈၄၀) ၊ အဖြူရောင် လိုက်ထရပ်ပေါ်သို့ သစ်ပင်လဲပိ၍ ယာဉ်ပေါ်ပါ (၁၅)ဦးခန့် အနက် လူ(၃)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ(၁) ဦးဘိုမြတင်၊ အသက်(၅၉)နှစ် ၊ (ဘ)ဦးခွေးလေး၊ တောင်သူ ဗမာ/ဗုဒ္ဓ၊ ၀က်လှလေး ကျေးရွာ ၊ မင်းလှမြို့နယ်။ (၂) ဦးဇော်ဝင်းထွန်း၊ အသက်(၃၁)နှစ်၊ (ဘ) ဦးလှဝင်း၊ ယက္ကန်းလမ်း ၊ ပုသိမ် မြို့နယ်နေသူနှင့် (၃) ဦးကျော်ငြိမ်း၊ အသက်(၄၉)နှစ်၊ (ဘ) ဦးထွန်းအေး၊ ဂုံမင်းကွင်း ကျေးရွာ၊ လက်ပံတန်း နေသူတို့ဖြစ်ပြီး ဒဏ်ရာ ရရှိသူများမှာ (၁) ဦးဝင်းနိုင်ဦး အသက်(၄၅)နှစ် (ဘ) ဦးပန်းအေး ၊ ၀က်လှလေး ကျေးရွာ၊ မင်းလှမြို့နယ်။ (၂) ဦးနိုင်လင်းခိုင် အသက်(၂၂)နှစ် (ဘ) ဦးကြီးတင်၊ ဂုံမင်းကွင်း ကျေးရွာ လက်ပံတန်းမြို့နယ်။ (၃) မောင်ညီညီစိုး အသက်(၁၄)နှစ် (ဘ) ဦးမင်းနိုင်စိုး၊ ၀က်လှလေး ကျေးရွာ၊ မင်းလှမြို့နယ် နေသူတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရရှိသူ (၃)ဦးတို့အား ရွှေတောင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ဆေးကုသမှု ခံယူရန် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပြီး စိုးရိမ်ဒဏ်ရာ မရရှိ၍ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူပြီး ၄င်းတို့ နေထိုင်ရာ နေရပ်သို့ မိသားစုများနှင့် အတူ ဧပြီ ၁၃ ရက် နံနက်ပိုင်းက ပြန်လည် ထွက်ခွါသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုတ်တရက် လေပြင်း တိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်တွင် ကျေးရွာအုပ်စု(၆)အုပ်စုမှ အိမ်ခြေ (၅၂)အိမ်နှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း ပြိုကျ ပျက်စီးခဲ့ပြီး လူဦးရေ ကျား(၈၃) ၊မ(၁၀၄)၊ ပေါင်း(၁၈၇)ဦးတို့ လေဘေးသင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုကျ ပျက်စီးခဲ့သည့် နေအိမ်များရှိ လေဘေးသင့် ပြည်သူများအား ၄င်းတို့၏ နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် နေရာ ချထားပေးခဲံပြီး နေအိမ်များ အမြန်ဆုံး ပြန်လည် ပြင်ဆင် တည်ဆောက် နိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်းနှင့် အဆိုပါ နေအိမ် အများစုမှာ သက်ကယ်မိုး၊ ၀ါးထရံကာ နေအိမ်များ ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar