ရာဇ၀င်တွင်တဲ့ မကွေး

ပို့စ်တင်ချိန် - 4/17/2014 08:44:00 PM


စာရေးဆရာများနှင့် နယ်ခံတွေစုထိုင်ပြီး နိုင်ငံရေးလည်း နည်းနည်းပါးပါး ပါကောင်းပါနိုင်သည့် စကားများ ပြောခဲ့သည့် လက်ဖက်ရည်ဆိုင်ပိတ်ရသည်။

တက္ကသိုလ်ကျောင်းသားများ စီစဉ်သည့် စာစောင်များ မည်သူမျှ တာဝန်ခံပြီး ပုံမနှိပ်ပေးရဲ။

တောင်သူလယ်သမားများအား ရာသီဥတုပြောင်းလဲမှုအကြောင်း ထုတ်ဖော်ပြောမည့် မိုးလေ၀သပညာရှင်ကို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ခံရသည်။

ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံသူ တရားစွဲခံရသည်။

အထက်ပါအကြောင်းအရာများကို ဖတ်ကြည့်ပြီး ဦးနေ၀င်း (သို့မဟုတ်) ဦးသန်းရွှေလက်ထက် အတွေ့အကြုံများ ပြောနေသည်ဟု လွယ်လွယ်မထင်လိုက်ပါနှင့်။ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေပြီဟု ကမ္ဘာကို ကြေညာနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းသုံးနှစ်တာ ကာလအတွင်း နိုင်ငံ၏ မြေလတ်ဒေသ မကွေးတိုင်းဒေသကြီးတွင် ကြုံတွေ့ခဲ့သည့် အခြေအနေများပင်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးမှ ပြည်သူအများစုအတွက်တော့ အစိုးရသစ် သက်တမ်းသုံးနှစ်တာကာလ၏ အချိန်အများစုသည် စာပေဟောပြောပွဲမှအစ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆွေးနွေးပွဲများအလယ်၊ နိုင်ငံရေးလှုပ်ရှားမှုများအဆုံး ဖွဲ့စည်းပုံဥပဒေအရ ပေးထားသည့် အခွင့်အရေးများရရှိရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

ယခင်အစိုးရအဆက်ဆက် စာပေဟောပြောပွဲများကို တင်းကျပ်စွာ စိစစ်စောင့်ကြည့်ခဲ့သည့် စနစ်ကို သမ္မတဦးသိန်းစိန် တက်လာခဲ့ပြီးနောက်တွင် ဖျက်သိမ်းခဲ့ပြီး စာရေးဆရာများကို လုံးဝနီးပါးလွတ်လပ်သည်ဟု ဆိုနိုင်လောက်သည့် အတိုင်းအတာလောက်အထိ ဟောပြောခွင့်ပေးခဲ့ကြောင်း စာရေးဆရာများက ဆိုသည်။

စာရေးဆရာများကို စစ်တက္ကသိုလ်အချို့သို့ ဖိတ်ခေါ်ပြီး ကိုယ်ပိုင်အမြင်များကို လွတ်လွတ်လပ်လပ်နှင့် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ရန် ယဉ်ကျေးစွာ ကမ်းလှမ်းခဲ့သည့် တပ်မတော်အရာရှိများ၊ စာပေဟောပြောပွဲများကို ရှေ့ဆုံးခုံတန်းမှ လာရောက်အားပေးသည့် တပ်မတော်အရာရှိဟောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်များပင် ဦးသိန်းစိန်လက်ထက်တွင် ပေါ်ပေါက်နေပြီဖြစ်ကြောင်း စာရေးဆရာမောင်သာချိုက ပြောသည်။

‘‘ဆရာ လွတ်လွတ်လပ်လပ်ပြောပါ။ သူ့အမြင် ကိုယ့်အမြင်ရှိမှာပေါ့တဲ့။ ပြောခွင့်ရှိတယ်တဲ့။ ဆရာတို့အမြင်က ကျွန်တော်တို့နဲ့တူချင်မှတူမှာပေါ့တဲ့။ ကျွန်တော်တို့လည်း လက်သင့်ခံနိုင်ရင်ခံမယ်။ မခံရင် မခံဘူးပေါ့တဲ့’’ဟု လူသိများသည့် စာရေးဆရာဦးအောင်သင်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်း၏ တိုင်းဒေသကြီးအတွင်း ကျင်းပသည့် စာပေဟောပြောပွဲတစ်ခုတွင် ယဉ်ကျေးစွာဆက်ဆံပုံကို စာရေးဆရာမောင်သာချိုက ပြန်လည်ပြောသည်။

သို့သော် စာရေးဆရာများ ချီးကျူးအသိအမှတ်ပြုသည့် ဒေသများတွင် မကွေးတိုင်းဒေသကြီးတော့ မပါဝင်။ နိုင်ငံတစ်ဝန်း စာပေဟောပြောပွဲများတွင် အောင်မြင်နေကြသည့် စာရေးဆရာငါးဦးကို 7Day မှ ဆက်သွယ်မေးမြန်းရာ အားလုံးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စာပေဟောပြောပွဲများနှင့် ပတ်သက်သည့်မူဝါဒများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အစိုးရသစ်တက်လာပြီးနောက်ပိုင်း မကွေးတိုင်းအတွင်း ကျင်းပသည့် စာပေဟောပြောပွဲများတွင် အာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် ဟောပြောခွင့်ဆုံးရှုံးခဲ့ဖူးသူများဖြစ်သည်။

‘‘မကွေးတိုင်းကတော့ ရာဇ၀င်နဲ့လို့ပဲ ပြောရမလားမသိဘူး။ စာရေးဆရာအတော်များများ ထိတယ်’’ ဟု ပြီးခဲ့သည့်နှစ်များအတွင်းက မကွေးတိုင်းဒေသကြီးအတွင်း ၎င်းပါဝင်ဟောပြောမည့် စာပေဟောပြောပွဲအချို့ ပိတ်ပင်ခံခဲ့ရသူ စာရေးဆရာမသန်းမြင့်အောင်က မှတ်ချက်ပေးသည်။

စာပေဟောပြောပွဲများ ကျင်းပရာတွင် စတင်စီစဉ်ကတည်းက ကျင်းပခွင့်မပေးမှုများရှိသလို အခမ်းအနားစတင်ရန် မိနစ်ပိုင်းအလိုကျမှ ကပ်ပြီးပွဲဖျက်ခိုင်းခြင်းမျိုးလည်းရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သည့် စာရေးဆရာများက ပြောသည်။

‘‘လူတွေရောက်လာပြီး ပွဲခင်းထဲထိုင်တဲ့အချိန်မှ တောင်းပန်ရတယ်။ ကျွန်တော်တို့ ဒီညပွဲပျက်တယ်ပြောတော့ အကုန်လုံးက ချုံးပွဲချငိုကြတာပေါ့။ အဲဒါမျိုးက ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာ တစ်ခါမှ မတွေ့ဖူးသေးဘူး’’ဟု မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ၂၀၁၂ အတွင်း ဟောပြောမည့်ညမှ ပိတ်ပင်ခံခဲ့ရသည့် စာပေဟောပြောပွဲအကြောင်းနှင့် ပတ်သက်ပြီး သူ၏အတွေ့အကြုံကို စာရေးဆရာမောင်သာချိုက ပြောသည်။

မြေလတ်ဒေသရှိ ပြည်သူများအဖို့ စာပေဆိုင်ရာ အသိတရားများ လွတ်လပ်စွာကြားနာခွင့် တစ်ခုတည်း ပိတ်ပင်ခံခဲ့ရသည်တော့မဟုတ်ခဲ့။ အသက်တမျှ အရေးကြီးသည့် လာမည့် စိုက်ပျိုးရာသီတွင် မိုးရွာမည်လား (သို့တည်းမဟုတ်) နေပူမည်လားဆိုသည့် မိုးလေ၀သဆိုင်ရာ အသိပညာများ လွတ်လပ်စွာ လက်ခံရယူခွင့်ကိုပင် ဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲနှမ်းနိုင်ငံခြားတင်ပို့မှု အများဆုံး ထိပ်တန်းစာရင်းဝင်နိုင်ငံတစ်ခုဖြစ်ပြီး ထိုကဏ္ဍမှ နိုင်ငံအတွက် နှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာသန်းချီပြီး ရှာဖွေပေးလျက်ရှိသည်။ ထို့အတွက် အဓိကကျသည့် ဇာတ်ဆောင်များက မကွေးတိုင်းဒေသကြီးမှ တောင်သူများ ဖြစ်သည်။

ပဲနှမ်းကဏ္ဍ အစဉ်တစိုက် ဖွံ့ဖြိုးရေးအတွက် တစ်နေ့တခြားပြောင်းလဲနေသည့် ကမ္ဘာ့ရာသီဥတုအခြေအနေကို တောင်သူများသို့ ရှင်းလင်းပြောပြရန် မိုးလေ၀သပညာရှင် ဦးထွန်းလွင်က မကွေးတိုင်းဒေသကြီးအတွင်း ကြိုးပမ်းမှုအချို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူ၏ဟောပြောပွဲ နှစ်ကြိမ်ထက်မနည်းကို အစိုးရိမ်ကြီးလွန်းသည့် ဒေသဆိုင်ရာ အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

‘‘သူတို့ (အစိုးရ) လုပ်ရမယ့်အလုပ်ကို မလုပ်တဲ့အပြင်သူတို့ လုပ်တာကို မစောင့်နိုင်လို့ လူထုက သူ့ဟာသူ၊ သူ့အသိနဲ့သူ လုပ်တာကို တားမြစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်မှကိုမရှိဘူး။ လုံးဝကို စဉ်းစားဉာဏ်မရှိတဲ့ လုပ်ရပ်တွေပဲ။ တစ်နည်းပြောရရင် ဒီမိုကရေစီနိုင်ငံထူထောင်တဲ့ နေရာမှာ အဟန့်အတားတွေပဲ’’ ဟု ဦးထွန်းလွင်က ပြောသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းသို့ သူသွားရောက်ခဲ့သည့် ဟောပြောပွဲတစ်ခုကို ဖျက်သိမ်းရန် အာဏာပိုင်များက ညွှန်ကြားခဲ့သောကြောင့် စာရေးဆရာအချို့နှင့် ဒေသခံများက လက်ဖက်ရည်ဆိုင်တွင် စကားဝိုင်းတစ်ခုအသွင်ဖြင့် ၀ိုင်းဝန်းဆွေးနွေးခဲ့ရသည်။ ထိုဖြစ်ရပ်အပြီး တစ်လကျော်ခန့်အကြာတွင် ဦးထွန်းလွင်ထံရောက်လာသည့် သတင်းစကားက သူတို့ဆွေးနွေးပွဲပြုလုပ်ခဲ့သည့် လက်ဖက်ရည်ဆိုင် ပိတ်သိမ်းခံခဲ့ရသည့် သတင်းစကားပင်ဖြစ်သည်။

‘‘တော်တော် တရားလွန်လွန်းအားကြီးတယ်။ ငါတို့လည်း မကျေနပ်ဘူးပေါ့။ မကျေလည်း မကျေနပ်သလို နားမလည်တာလည်းပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ’’ ဟု ဦးထွန်းလွင်က မေးခွန်းထုတ်သည်။

ဦးထွန်းလွင် မေးသကဲ့သို့ ‘‘ဘာလို့ဒီလိုဖြစ်ရတာလဲ’’ဆိုသည့် မေးခွန်းကို စာရေးဆရာတော်တော်များများနှင့် ဒေသခံများကလည်း သိလိုကြသည်။

ထိုမေးခွန်း၏ အဖြေကိုရရှိရန် 7Day News မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ငါးခုထက်မနည်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့။ စက်ပိတ်ထားသည့် တယ်လီဖုန်းများ၊ ပြန်လည်ဆက်သွယ်ပါမည်ဟု ဖြေကြားမှုများ၊ လူကြီးမရှိပါဟု အဖြေပေးသည့် ၀န်ထမ်းများနှင့်သာ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒေသအာဏာပိုင်အချို့အနေဖြင့် စာပေဟောပြောမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်စပ်နိုင်သည့်အခြေအနေများအပေါ် စိုးရိမ်မှုရှိတာဖြစ်နိုင်သလို မိမိအားဝေဖန်ခြင်းကို နားမထောင်လိုသည့် သဘောထားများရှိနေတာလည်း ပါနိုင်ကြောင်း သူ၏အမြင်ကို ပြောသည်။

ဟောပြောသူများဘက်မှ ခေတ်စနစ်ကို ထင်ဟပ်ပြောဆိုရာတွင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုကို မဲဆွယ်ပေးရာ မရောက်အောင် ထိန်းသိမ်းဖို့လိုသလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများ၊ ဘာသာရေးအရ ခွဲခြားပြောဆိုမှုများမပါအောင် ရှောင်ရန်လိုကြောင်း၊ ဒေသအာဏာပိုင်များဘက်ကလည်း စာပေဟောပြောပွဲများ၌ စာပေရေးရာများကို ခေတ်စနစ်နှင့် ထင်ဟပ်ဆွေးနွေး ပြောကြားသည့်အလေ့အထကို နားလည်ပြီး အပြုသဘောဝေဖန်မှုများကိုလည်း လက်ခံပေးနိုင်ဖို့ လိုကြောင်းနှင့် ဟောပြောချက်များတွင် ဥပဒေနှင့်ငြိစွန်းလျှင် အရေးယူနိုင်ကြောင်း 7Day News ၏ အီးမေးလ်ဖြင့် မေးမြန်းမှုကို အထက်ပါအတိုင်း အကြောင်းပြန်သည်။

‘‘ဒါပေမဲ့ စိုးရိမ်ပြီး ဟောပြောပွဲမှန်သမျှ လိုက်ပိတ်နေတာကျတော့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ အခွင့်အရေးကို လျစ်လျူရှုရာရောက်နိုင်တာကို သတိပြုသင့်ပါတယ်’’ဟု သမ္မတပြောရေးဆိုခွင့်ရှိသူက 7Day သို့ အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားမှုတွင် ရေးသားထားသည်။

ဦးထွန်းလွင်၏မေးခွန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မည်ကဲ့သို့ ဖြေကြားမည်ကို တိတိကျကျ မသိရသော်လည်း မကွေးမြို့ခံ ဦးမြင့်ဦးကတော့ ယခုလို အဖြေပေးခဲ့သည်။

‘‘ဒီမြို့က အုပ်ချုပ်တဲ့သူတွေက ဒီမိုကရေစီအကျင့်အကြံ မရှိသေးဘူး။ တစ်နည်းအားဖြင့် ဒီမြို့ဒီတိုင်းမှာ စစ်အာဏာရှင်စနစ် မပျောက်သေးဘူး’’ဟု ဦးမြင့်ဦးကပြောသည်။

အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ရင်း ၂၀၀၄ ခုနှစ်မှ စတင်ကာ အာဇာနည်နေ့ရောက်တိုင်း သူအမြဲလိုလို သွားရောက်ဂါရဝပြုခဲ့သည့် မြို့အနောက်ဘက်ရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် လူအများ လွတ်လွတ်လပ်လပ် အလေးပြုခွင့်သည် ၂၀၁၃ ရောက်မှသာ ရရှိခဲ့ကြောင်း ဦးမြင့်ဦးကပြောကြားသည်။

မကွေးတိုင်းဒေသကြီးအစိုးရအပေါ် ဦးမြင့်ဦးပေးသည့် မှတ်ချက်ကို သဘောတူသည့် နောက်ထပ်တစ်ဦး ရှိခဲ့သည်။ ထိုသူကတော့ ပြည်တွင်းစစ်များ၊ သဘာဝဘေးအန္တရာယ် စသည့်အဖြစ်ဆိုးများကြောင့် ဒုက္ခရောက်နေသူများကို အကူအညီပေးရန် နယ်လှည့်အလှူခံခရီးထွက်နေသည့် ပန်းရဲ့လမ်းအဖွဲ့မှ ဦးသားထွေးဖြစ်သည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်မှ တောင်ဘက်အစွန်းပိုင်းအထိ ခရီးထွက်ခဲ့သည့် သူတို့အဖွဲ့ကို ခရီးစဉ်ချောမွေ့စေရေးအတွက် အခြားတိုင်းနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာအာဏာပိုင်များက အကူအညီများပေးသော်လည်း မကွေးတိုင်းဒေသကြီးမှ အာဏာပိုင်များ၏ ဟန့်တားသည့် လုပ်ရပ်များသည် နားလည်ရန် အခက်ခဲဆုံးဖြစ်သည်ဟု ဦးသားထွေးကပြောသည်။

၂၀၁၂ အတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူခံထွက်ခဲ့သည့် သူတို့အဖွဲ့ကို ကူညီသည့် မကွေးဒေသခံတစ်ဦး တရားစွဲဆိုခံခဲ့ရသည်။ မကွေးတိုင်းခရီးစဉ်တစ်လျှောက်လုံးတွင် သူတို့အဖွဲ့အား မြို့နယ်နှင့် ခရိုင်အာဏာပိုင်များက နွေးထွေးစွာဆက်ဆံပြောဆိုခဲ့ကြသော်လည်း ခဏကြာပါက အထက်က အမိန့်တစ်ခုရောက်လာပြီးနောက် ဆက်ဆံရေးမှာ ရုတ်ခြည်းပြောင်းလဲသွားကြောင်း ဦးသားထွေးကပြောသည်။

‘‘မကွေးတိုင်းတစ်တိုင်းလုံးကို ဖြတ်သန်းတဲ့အခါမှာ မကွေးတိုင်းဝန်ကြီးချုပ်ရဲ့ သြဇာသက်ရောက်မှုက တော်တော်ကျယ်ပြန့်တယ်’’ဟု ဦးသားထွေးကပြောသည်။

စာပေဟောပြောပွဲများ၊ နိုင်ငံရေးဟောပြောပွဲများကိုသာမက တိုင်းပြည်တွင် တရားဝင်ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေအကြောင်း လယ်သမားများကို ဟောပြောဆွေးနွေးမှုများကိုပါ ပိတ်ပင်မှုများရှိကြောင်း မကွေးမြို့အခြေစိုက် မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကပြောသည်။

‘‘စစ်အာဏာရှင်စနစ်ဟောင်းကြီးထဲက နည်းဟောင်းကြီးတွေနဲ့ပဲ ကျွန်တော်တို့ကို ထိတွေ့တယ်။ ရင်ဆိုင်တယ်’’ဟု ဦးအောင်ကျော်ကျော်က ဒေသဆိုင်ရာအစိုးရအပေါ် ဝေဖန်သည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့်မှာ သိသိသာသာရရှိခဲ့သော်လည်း မကွေးတိုင်းဒေသကြီးအတွင်းတွင် အစိုးရဘက်မှ သတင်းသမားများအပေါ် ဆက်ဆံရေးမှာ အေးခဲနေဆဲဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (MJN-မကွေး)၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်ဇော်ဦးကပြောသည်။

‘‘သတင်းထောက်ဝင်လာလို့ရှိရင် (ဌာနဆိုင်ရာတွေက) သူတို့ကို ပြဿနာရှာမယ်လို့ မြင်တဲ့အမြင်တွေက အဆိုးရွားဆုံးပဲ’’။

‘‘ဝန်ကြီးချုပ်ကပဲ တကယ်တားမြစ်ထားတာလား။ သူတို့က ဝန်ကြီးချုပ်ကို အကြောင်းပြပြီး သူတို့ရဲ့ဟာ (အကျိုးစီးပွား)ကို ကာကွယ်ထားတာလား။ ကျွန်တော်တို့ ဂဃနဏမသိဘူး’’ဟု ဝန်ကြီးဌာနများမှ သတင်းသမားများ၏ မေးခွန်းများကို ဖြေကြားရန် ရှောင်လွှဲနေသည့်အပေါ် ဦးမြင့်ဇော်ဦးကပြောသည်။

သတင်းသမားများ ဖမ်းဆီးထောင်ချခံခဲ့ရမှုများတွင်လည်း မကွေးတိုင်းသည် ထိပ်ဆုံးနေရာတွင် ရပ်တည်နေခဲ့သည်။ အစိုးရသစ်လက်ထက်တွင်ပင် သတင်းသမား ခြောက်ဦးထက်မနည်း မကွေးတိုင်းဒေသကြီးတွင် တရားရင်ဆိုင်ခဲ့ကြရသည်။ ထိုအထဲမှ ယူနတီဂျာနယ်မှငါးဦးသည် ပခုက္ကူထောင်ထဲတွင် ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသည်။ အခြားတစ်ဦးဖြစ်သည့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက်တစ်ဦးအားလည်း ဧပြီ ၇ ရက် မကွေးမြို့နယ် တရားရုံးတွင် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

အထက်ပါအမှုအခင်းများတွင် သတင်းထောက်များဘက်မှ အားနည်းမှုများရှိသလို မကွေးအာဏာပိုင်များဘက်တွင်လည်း ထောက်ပြစရာ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း ဦးမြင့်ဇော်ဦးကပြောသည်။

မကွေးတိုင်းဒေသကြီးတွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲများ အပါအဝင် လူထုလှုပ်ရှားမှုများသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလများတွင် အဆိုးရွားဆုံးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးသိန်းဇော်ကပြောသည်။ ၎င်းတို့ ပါတီလှုပ်ရှားမှုမှန်သမျှ အာဏာပိုင်များက အသေးစိတ်စောင့်ကြည့်နေကြောင်း ဦးသိန်းဇော်ကပြောသည်။

‘‘မကွေးတိုင်းတစ်တိုင်းလုံးမှာ စောင့်ကြည့်တာပဲ။ ကျွန်တော်တို့ တိုင်းကတော့ စောင့်ကြည့်ခံရတဲ့အထဲမှာ ရှေ့ဆုံးကပါတယ်’’ဟု ဦးသိန်းဇော်ကပြောသည်။

ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိများ၏ စောင့်ကြည့်ခံနေရသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ခုတည်းတော့မဟုတ်။ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်အသီးသီးတွင် ရှိနေကြသည့် ကျောင်းသားသမဂ္ဂများသည်လည်း ၂၀၁၃ နှစ်လယ်ပိုင်းလောက်အထိ လုံခြုံရေးအရာရှိများ၊ အရပ်ဝတ်စုံထောက်များ၏ စောင့်ကြည့်မှုကိုခံခဲ့ရကြောင်း ဗ.က.သများအဖွဲ့ချုပ် (မြေလတ်ဒေသ)၏ဥက္ကဋ္ဌ ကိုခန့်ထူးကပြောသည်။

‘‘ကျန်တဲ့ (တိုင်းနဲ့ပြည်နယ်တွေက) သမဂ္ဂတွေ လှုပ်ရှားတာတွေ လွတ်လပ်ကြတယ်။ ကျွန်တော်တို့လည်း ကြားတယ်။ သူတို့လောက်လည်း လွတ်လပ်ချင်တာပေါ့’’ဟု အစိုးရိမ်ကြီးလွန်းနေသည့် အာဏာပိုင်များ၏ စောင့်ကြည့်မှုများကြားမှ လှုပ်ရှားခဲ့ရသည့် အခြေအနေကို ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားများ ထုတ်ဝေသည့် စာစောင်များကို မြို့တွင်းရှိ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများတွင် လက်ခံပုံနှိပ်ပေးခြင်းမပြုရန် ဖိအားပေးမှုများလည်း ကြုံတွေ့နေရကြောင်း မကွေးဆေးတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုထက်ထက်ဇော်ကပြောသည်။ အဆိုပါစာစောင်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုံနှိပ်စက်များတွင် ပြောင်းလဲပုံနှိပ်ရန် ကြိုးပမ်းခဲ့ရာတွင် ကန့်သတ်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ကိုထက်ထက်ဇော်ကပြောသည်။

‘‘ဝန်ကြီးချုပ်တစ်ယောက်ချင်းစီနဲ့များ ဆိုင်မလားတော့မသိဘူး’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုတည်းအောက် ရှိနေသော်လည်း မတူညီသည့် တိုင်းဒေသကြီးနှစ်ခုအကြား ပုံနှိပ်ထုတ်ဝေမှုနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခြေအနေကို ကိုထက်ထက်ဇော်ကပြောသည်။

အာဏာပိုင်များ၏ ပိတ်ဆို့မှုများကြားထဲမှ မကွေးတိုင်းဒေသကြီးရှိ ပြည်သူများသည် သူတို့၏လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြသည်။

၂၀၁၄ ဇန်နဝါရီ ၁၆ ရက်က နိုင်ငံတော်သမ္မတ၏ မကွေးခရီးစဉ်တွင် အငြိမ်းစားဆရာမကြီးတစ်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအရာရှိများ ပြည်သူများ၏ တိုင်ကြားမှုများကို လျစ်လျူရှုထားကြောင်း လုံခြုံရေးများ တားမြစ်ထားသည့်ကြားက အော်ဟစ်တိုင်တန်းခဲ့သည်။

‘‘သမ္မတကြီး ကယ်တော်မူပါ။ ဦးဖုန်းမော်ရွှေက လျစ်လျူရှုထားပါတယ်။ ဝန်ကြီးချုပ်က လျစ်လျူရှုထားတာပါ။ သမ္မတကြီး ကယ်မှဖြစ်မှာပါ။ ပညာရေးဝန်ထမ်းအငြိမ်းစားပါ။ စစ်မှုထမ်းဟောင်းရဲ့ဇနီးပါ။ နေစရာမရှိတော့လို့ပါ’’ဟု သမ္မတ၏လမ်းကြောင်းတွင် ပြည်သူတစ်ဦးက ကြုံတွေ့ရသည့် အခက်အခဲကို အော်ဟစ်တိုင်တန်း အကူအညီတောင်းသော ပထမဆုံးဖြစ်စဉ်ဖြစ်ခဲ့သည်။

ထို့အပြင် မတ်လ ၂၆ ရက်က အဆိုပါတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြရန် ခွင့်ပြုချက်တောင်းသော်လည်း ခွင့်မပြုသဖြင့် နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်၍ ဒေသခံများနှင့် ဆန္ဒပြခဲ့ရာ မြို့နယ်ရဲစခန်းက ခေတ္တထိန်းသိမ်းပြီး နောက်ဆုံးတွင် ပြန်လည်ညှိနှိုင်းကာ လွှတ်ပေးခဲ့သည်။

သို့သော် မတ်လအတွင်းမှ စတင်ပြီး အစိုးရအရာရှိများ တားမြစ်နေသည်ကို အာခံပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲများကို မကွေးတိုင်းဒေသကြီး၏ နေရာအချို့တွင် ကျင်းပခဲ့သည်။

ထိုအထဲတွင် ဝန်ကြီးချုပ်ရုံးစိုက်ရာ နေရာဖြစ်သည့် မကွေးမြို့လည်း အပါအဝင်ဖြစ်သည်။ ဆန္ဒပြခွင့်တောင်းခံသော်လည်း လမ်းပိတ်ဆို့မည်ဆိုသည့် အကြောင်းပြချက် အပါအဝင် အချက်သုံးခုဖြင့် အစိုးရက ပယ်ချခဲ့သည်။

‘‘ဆန္ဒပြပွဲကြောင့် လမ်းပိတ်တာပဲ ထည့်ပြောတယ်။ မြို့ထဲက ကောင်းမွန်လို စူပါမားကက်ရှေ့ လမ်းပိတ်တာကျတော့ ဘာလို့မရှင်းပေးတုံး’’ဟု ရန်ပယ်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ အာဏာပိုင်များ တားမြစ်မှုနှင့် ပူပြင်းလှသည့် နွေရာသီကိုအန်တုပြီး သူတို့ရဲ့လွတ်လပ်ခွင့်ကို အစိုးရထံ တောင်းဆိုခဲ့ပြီဖြစ်သည်။

တကယ်တော့ မြေလတ်ဒေသ မကွေးတိုင်းသည် မြန်မာ့သမိုင်းတွင် အထင်ကရဒေသတစ်ခုဖြစ်သည်။ သည်ဒေသမှ စတင်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံသည် နယ်ချဲ့ကိုတော်လှန်ရန် လူထုကို လှုပ်နှိုးနိုင်ခဲ့သည်။

သည်ဒေသအတွင်းရှိ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည့် ကိုအောင်ဆန်းက ခေတ်သစ်မြန်မာ့တပ်မတော်ကို ဦးဆောင်ထူထောင်ခဲ့ပြီး လွတ်လပ်ရေးအတွက် လမ်းပြခဲ့သည်။

သို့သော်လည်း မြေလတ်ဒေသကတော့ သူပေးဆပ်ရသည်နှင့် မထိုက်တန်သည့် အကျိုးဆက်များ ရနေဆဲဖြစ်သည်။          ။

မိုးကျော်၊ ထွန်းခိုင်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၆)