နိုင်ငံခြားသားဧည့်သည် ပြန်ပေးဆွဲခံရသဖြင့် ဖိလစ်ပိုင် ပင်လယ်အနီး မလေးရှားရဲတပ်ဖွဲ့ အင်အားသုံး ဖြန့်ကြက်ရှာဖွေ

ပို့စ်တင်ချိန် - 4/04/2014 08:19:00 PM


ကွာလာလမ်ပူ၊ ဧပြီ ၃

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မလေးရှားနှင့် နီးသောနေရာတွင် သေနတ်သမားများက တရုတ်နိုင်ငံမှ လာလည်သော ခရီးသွားဧည့်သည် တစ်ဦးနှင့် ဖိလစ်ပိုင် လူမျိုးအပန်းဖြေစခန်း အလုပ်သမတစ်ဦး စုစုပေါင်း အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် မလေးရှား ရဲတပ်ဖွဲ့က အင်အား အများဆုံးသုံးကာ ပိုက်စိပ်တိုက် ရှာဖွေလျက် ရှိကြောင်း The Star သတင်းစာက ရေးသားဖော်ပြထားသည်။

ဖိလစ်ပိုင်ဘက်မှ လက်နက်ကိုင်များ လွတ်မြောက် သွားနိုင်သည့် ဖြစ်နိုင်သော ထွက်ပေါက်အားလုံးကို ရှာဖွေလျက် ရှိကြောင်း မလေးရှား လုံခြုံရေး အရာရှိများက အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသူများ အသက် ၂၉ နှစ်အရွယ် ဂေါင်ဟွာယွမ် ဖြစ်ပြီး ရှန်ဟိုင်းမှ လာရောက် လည်ပတ်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သူ၏ အမည်မှာ မာစီဒါရာဝမ်ဖြစ်ပြီး စင်ဂါမာတာ သန္တာကျောက်တန်း အပန်းဖြေစခန်းတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကာ တရုတ် အမျိုးသမီးနှင့်အတူ ည ၁၀ နာရီခွဲခန့်တွင် ပြန်ပေးသမားများက လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖိလစ်ပိုင်တောင်ပိုင်းမှ အစိုးရ တပ်များကိုလည်း အဆင်သင့် အနေအထား ဖြစ်နေစေရန် တပ်လှန့်ထားပြီး နှစ်ဖက်ပူးပေါင်းပြီး လုပ်ဆောင်လျက် ရှိသည်။

သေနတ်သမားများသည် အမှောင်ကို အကာအကွယ်ယူကာ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ တာဝီတာဝီကျွန်းများသို့ ခေါ်ဆောင်သွားဖွယ် ရှိသည်ဟု လုံခြုံရေးများက ခန့်မှန်းကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ယခုကဲ့သို့ ပြန်ပေးဆွဲမှုတစ်ခု ဖြစ်ခဲ့ကာ ယင်းအမှုကို ကျူးလွန်သူများမှာ အယ်လ်ကေဒါနှင့် အဆက်အစပ်ရှိသော ဖိလစ်ပိုင် မွတ်ဆလင်သူပုန် အဘူဆေယက်ဖ်အဖွဲ့က ဖြစ်သည်။

ယင်းပြန်ပေးဆွဲမှု၌ ထိုင်ဝမ် စီးပွားရေးသမား မစ္စတာလီမင်ရှူး အသတ်ခံခဲ့ရပြီး ၎င်း၏ဇနီး ချန်အန်ဝေကို သေနတ်သမားများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ချန်သည် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ပြန်ပေးငွေ မည်ရွေ့မည်မျှ ပေးခဲ့ရသည်ကို အတိအကျ မသိရှိခဲ့ရပေ။

၎င်းကို ဖိလစ်ပိုင် အဘူဆေယက်ဖ်၏ အမာခံနယ်မြေဖြစ်သော ဖိလစ်ပိုင်ရှိ ဂျိုလိုကျွန်းတွင် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

ယခုပြန်ပေးဆွဲမှုအတွက် မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သည်ကို သတင်းအတိအကျ မထုတ်ပြန်သေးဘဲ အဘူဆေယက်ဖ်အဖွဲ့က ဖြစ်နိုင်သည်ဟု ယူဆရကာ ၎င်းတို့ နယ်မြေထဲသို့ ရောက်မသွားမီ ဖမ်းမိနိုင်ရန် အစိုးရတပ်နှစ်ဖက်က ကြိုးစားလျက်ရှိသည်။

The Voice Weekly