မန်နေဂျာ ရာထူးအတွက် လူးဝစ်ဗန်ဂါးကို ပေါင် ၂၅ သန်းတန် သုံးနှစ်စာချုပ်ဖြင့် ယူနိုက်တက် ချုပ်ဆိုဖွယ်ရှိ

ပို့စ်တင်ချိန် - 4/29/2014 04:47:00 PM


နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါးသည် ယခု ရက်သတ္တပတ် အတွင်း မန်ချက်စတာ ယူနိုက်တက်၏ မန်နေဂျာသစ် ဖြစ်လာဖွယ်ရှိပြီး ၎င်းအနေဖြင့် ပေါင် ၂၅ သန်းတန် သုံးနှစ်စာချုပ်ကို လက်မှတ်ထိုးရန် အသင့်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဗန်ဂါးသည် ၎င်း၏ နည်းပြအဖွဲ့ဝင်ကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ဆောင်လာဖွယ် ရှိသော်လည်း ယူနိုက်တက်၏ ယာယီ မန်နေဂျာ ရိုင်ယန်ဂစ်ကို နည်းပြအဖွဲ့ဝင် အဖြစ် ခန့်အပ်သွားဖွယ် ရှိသည်။ ဒေးဗစ်မိုယက်စ် ထုတ်ပယ် ခံရပြီးနောက် ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲကို တာဝန်ယူ ကိုင်တွယ်နေသည့် ရိုင်ယန်ဂစ်သည် ၎င်း၏ ပထမဦးဆုံး ပွဲစဉ်တွင် နော်ဝစ်ခ်ျကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ကွင်း ပရိသတ်များအား ကျေနပ်မှု အပြည့် ရရှိစေခဲ့သည်။ သို့သော်လည်း ယူနိုက်တက်မှ တာဝန်ရှိသူများက အမြဲတမ်း မန်နေဂျာ ရာထူးအတွက် ဂစ်ကို အာမခံ ထားခြင်း မရှိကြောင်း သိရသည်။

အသက် ၆၂ နှစ်အရွယ် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် နည်းပြဟောင်းသည် ယခုတစ်ပတ် အတွင်း ယူနိုက်တက်နှင့် သဘောတူညီမှု ရရှိရန် စိတ်အားထက်သန်နေကြောင်း၊ သို့မှသာ ဘရာဇီးလ်တွင် ကျင်းပမည့် ကမ္ဘာ့ ဖလားပြိုင်ပွဲ အတွက် နိုင်ငံအသင်းအပေါ် အပြည့်အဝ အာရုံစိုက်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။

မန်ချက်စတာယူနိုက်တက်မှ စိတ်ဝင်စားနေသည့် မန်နေဂျာများတွင် ကာလို အန်ဆယ်လော့တီ ပါဝင်သော်လည်း ၎င်းအတွက် ကုန်ကျစရိတ်သည် အေးဂျင့်မလိုသည့် ဗန်ဂါးထက် ပိုမိုကုန်ကျမည် ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ရာသီကုန်တွင် စပိန်ထိပ်သီးကလပ်မှ ထွက်ခွာဖွယ် မရှိသောကြောင့် ဗန်ဂါးသာ မန်နေဂျာသစ် ဖြစ်လာနိုင်ဖွယ်ရှိသည်။

အကယ်၍ လူးဝစ်ဗန်ဂါးကို မန်နေဂျာအဖြစ် ခန့်အပ်ပြီးခဲ့ပါက ယူနိုက်တက် အနေဖြင့် ဆောက်သမ်တန်မှ လုခ်ရှော၊ ဘိုင်ယန်မြူးနစ်မှ တိုနီခရူးစ်၊ ဘိုရပ်ရှားဒေါ့မွန်မှ မာကိုရူးစ်နှင့် ပေါ်တိုမှ အီလီယာကွင်မ် မန်ဂယ်လာတို့ကို ခေါ်ယူရေး အတွက် ဆက်လက် ဆောင်ရွက်ဖွယ်ရှိသည်။

Soccer Myanmar