ဘင်္ဂလားဒေ့ရှ် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

ပို့စ်တင်ချိန် - 4/04/2014 06:16:00 PM


၁၉၄၇ခုတွင် အိန္ဒိယတိုက်အတွင်းရှိ မူဆလင်ဘာသာဝင် အများစုသည် ဟိန္ဒူများလွှမ်းမိုးသည့် အိန္ဒိယနိုင်ငံ အတွင်းမှ သီးခြားခွဲထွက်ကာ ပါကစ္စတန်နိုင်ငံကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ပန်ချာပီ၊ မွတ်ဆလင် အများစုနေထိုင်ရာ ပန်ဂျဟပ် (PUNJAB) ပြည်နယ်သည် အနောက်ပါကစ္စတန် ဖြစ် လာခဲ့ပြီး အိန္ဒိယ အရှေ့တောင်ဘက်ရှိ ဘင်္ဂါလီမွတ်ဆလင် အများစုနေထိုင်ရာ ဘင်္ဂေါ(BANGAL) ပြည် နယ်သည် အရှေ့ပါကစ္စတန် ဖြစ်လာခဲ့၏။ အနောက်ပါကစ္စတန်နှင့် အရှေ့ပါကစ္စတန်တို့ အကြားတွင် မိုင် တစ်ထောင်ခန့် ရှည်လျားသော အိန္ဒိယကုန်းမြေကြီး ကြားခံလျက် ရှိ၏။ ထို့ကြောင့် အနောက်နှင့် အရှေ့ ပါကစ္စတန်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်းမှာ အလွန်ရှည်လျား ခက်ခဲခဲ့ပေသည်။ သို့တိုင် ဗဟိုရုံး စိုက်ရာဖြစ်သော အနောက်ပါကစ္စတန်က အရှေ့ပါကစ္စတန်ကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေးအရ၊ မမျှမတဖြစ်အောင် တစ်ဖက်စောင်းနင်း ကြီးစိုးဗိုလ်ကျ လွှမ်းမိုးခဲ့ကြ၏။

အရှေ့ပါကစ္စတန်က ထုတ်လုပ်သော ဂုံလျှော်ကုန်ကြမ်းများကို အနောက်ပါကစ္စတန်မှ ဂုံလျှော်ကုန်ချော ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချခဲ့ကြ၏။ အရှေ့ပါကစ္စတန်တွင် စစ်အင်အား ငါးသိန်းကျော်မျှ ဖွဲ့စည်း နေရာချထားပေးခဲ့ကြ၏။ အရှေ့ပါကစ္စတန်တွင် စစ်သည် တပ်ရင်းလေးရင်းမျှကို ဖွဲ့စည်း နေရာချထားပေး ခဲ့စဉ် အနောက်ပါကစ္စတန်က စစ်အင်အား ငါးသိန်းကျော်မျှ ဖွဲ့စည်းထူထောင်ထား၏။ ဤသည်ထက် အနောက်ပါကစ္စတန်က ၎င်းတို့အများစုသုံးစွဲသည့် အူရဒူ (UR- UDU) ဘာသာစကားကို တစ်ခုတည်း သော နိုင်ငံတော် ဘာသာစကားအဖြစ် ပြဋ္ဌာန်းလိုက်သည့်အခါ အရှေ့ပါကစ္စတန်ရှိ ဘင်္ဂါလီများက မကျေ မနပ်ဖြစ်ကာ အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြတော့သည်။

ထိုအခါ အရှေ့ပါကစ္စတန်မှ ရှိတ်မူ ဂျီဘူရာမန် (SHIEK MUJIBURMAM)ခေါင်းဆောင်သည့် အ၀ါမီလိဂ် (AWAMI LEAGUE) ခေါ် ဘင်္ဂါလီ အမျိုးသားနိုင်ငံရေး ပါတီက အနောက်ပါကစ္စတန် ဆန့်ကျင်ရေး အမျိုး သားလှုပ်ရှားမှုများကို စည်းရုံးလှုံ့ဆော်ခဲ့ကြ၏။ ထို့ကြောင့် ၁၉၇၀ ပြည့်နှစ်၊ အရှေ့ပါကစ္စတန်ရွေးကောက် ပွဲ ကျင်းပသည့်အခါ အ၀ါမီလိဂ်ပါတီက အမတ်နေရာ အားလုံးနီးပါးရရှိခဲ့ပြိး အနောက်ပါကစ္စတန်လိုလား သူများဘက်မှ အမတ်နေရာ တစ်နေရာသာ ရရှိခဲ့၏။ ထိုအခါ အနောက်ပါကစ္စတန်ရှိ စစ်အစိုးအရက အရှေ့ပါကစ္စတန် အမျိုးသားလွှတ်တော်ကို လုံးဝ ဖျက်သိမ်းကြောင်း ကြေညာလိုက်တော့သည်။ သို့ဖြင့် အနောက်ပါကစ္စတန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် အဓိကရုဏ်းများ အရှေ့ပါကစ္စတန် တစ်လွှားတွင် အနှံ့အပြား ပေါ်ပေါက်လာခဲ့သည်။

၁၉၇၁ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် အနောက်ပါကစ္စတန် တပ်များက အရှေ့ပါကစ္စတန် တပ်ကို ထိုးစစ် ဆင်ဝင်ရောက် တိုက်ခိုက်ကြတော့သည်။ နောက်တစ်နေ့တွင် အရှေ့ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို တရားဝင် ထူထောင်လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။ ထိုအချိန်မှစတင်၍ အရှေ့ ပါကစ္စတန်တွင် ပြင်းထန်သည့် မျိုးဖြုတ်ပြည်တွင်းစစ်ပွဲကြီး အပြင်းအထန် ဖြစ်ပွားတော့သည်။ ၁၉၇၂ ခုနှစ် တွင်မူ အိန္ဒိယတပ်မတော်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၀င်ရောက် တိုက်ခိုက်လာသည့်အခါတွင်မူ အနောက်ပါကစ္စတန်တပ်များ ရှုံးနိမ့် ဆုတ်ခွာခဲ့ကြရ၏။ ဤပြည်တွင်းစစ်ပွဲအတွင်း လူတစ်သန်းကျော် သေ ၏။ နှစ်သန်းနီးပါး ဒဏ်ရာရကာ နိုင်ငံသား ဆယ်သန်းကျော်မျှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြ ရ၏။ ထိုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှာပင် ရှိတ်မူဂျီဘူရာမန်သည် ဘင်္ဂလားဒေ့ရှ် သမ္မတနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

သို့တိုင် ပြည်တွင်းစစ်ဒဏ်ကြောင့် ဖရိုဖရဲ ဖြစ်နေခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုန်ထုတ်လုပ်မှုကျဆင်း ခြင်း၊ အလုပ်လက်မဲ့ ထူပြောခြင်း၊ ပြည်သူအကြား ဆင်းရဲမွဲပြာ ကျနေရခြင်းစသည့် စီးပွားရေးပြဿနာ  မျိုးစုံ တို့ကြောင့် ဆန္ဒပြပွဲနှင့် အဓိကရုဏ်းများကို အဆက်မပြတ် ရင်ဆိုင်နေကြရသည်။

ပြည်တွင်းစစ်လွန်ကာလတွင် အိန္ဒိယတပ်မတော် အကူအညီဖြင့် ထူထောင်ခဲ့ရသော ဘင်္ဂလားဒေ့ရှ် တပ် မတော်တွင် ပါဝင်နေသည့် ဂိုဏ်းအုပ်စုများ၏ အခြေအနေအပေါ် မကျေနပ်မှုကြောင့် အာဏာသိမ်းရန် ကြိုး ပမ်းမှု နှစ်ကြိမ်တိုင် ပေါ်ပေါက်ခဲ့၏။ ၁၉၇၅ ခု သြဂုတ်လအတွင်း ပေါ်ပေါက်ခဲ့သည့် စစ်ဖက်အာဏာသိမ်း မှုတွင်မူ ၀န်ကြီးချုပ် ရှိတ်မူဂျီဘူရာမန် ကိုယ်တိုင်လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတော့သည်။ သို့ဖြင့် ဘင်္ဂလား ဒေ့ရှ် သမ္မတနိုင်ငံတွင် အရပ်ဘက်အစိုးရအသွင်မှ စစ်ဘက်အစိုးရအသွင်သို့ ကူးပြောင်း သွားတော့၏။

ထိုစဉ်က သမ္မတတာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးဇီယာအူမန် (ZIARA-HMAN)) သည် စစ်အုပ် ချုပ်ရေး ကြေညာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တည်ငြိမ်အေးချမ်းမှုရရှိအောင် ထိန်းသိမ်းခဲ့၏။ ထို့ပြင် ဆိုဗီယက် တို့၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ် တပ်မတော် ခေတ်မီအင်အား တောင့်တင်းရေးအတွက် ပြုပြင်ပြောင်း လဲရေးများ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့၏။ သို့သော် ထို ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လက် မခံနိုင်သည့် ပြိုင်ဘက်စစ်အုပ်စုတချို့၏ မအောင်မြင်သော အာဏာသိမ်းပွဲအတွင်း ၁၉၈၁ ခု၊ မေလ ၃၀ ရက်တွင် ဗိုလ်ချုပ်ကြီး ဇီယာရာမန် လုပ်ကြံသတ်ဖြတ် ခံလိုက်ရတော့သည်။ သူ၏နေရာတွင် ဒုတိယ သမ္မတ အဗ္ဗဒူဆတ်တားဆိုသည့် အရပ်သား နိုင်ငံရေးသမားတစ်ဦးက ဆက်ခံခဲ့သည်။ သို့သော် အရပ် ဘက်အုပ်စိုးမှုကို စစ်ဘက်က လက်မခံနိုင်သဖြင့် ၁၉၈၂ ခုနှစ်၊ မတ်လမှာပင် ဗိုလ်ချုပ်ကြီး အာရှတ် (ERSHAD) ဦးဆောင်သည့် စစ်ဘက်မှ ပြန်လည် အာဏာသိမ်းယူလိုက်ပြန်သည်။ ၁၉၈၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစ္စလာမ်သမ္မတနိုင်ငံအဖြစ် ထူထောင်လိုက်ကြောင်း ကြေညာလိုက်သည်။

စစ်အေးခေတ် ပြီးဆုံးသည့် ၁၉၉၁ ခုနှစ်သို့ ရောက်သည့်အခါ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အာရှတ်ကကြေညာပြီး ရွေးကောက်ပွဲများ ကျင်းပပေးခြင်းဖြင့် သမ္မတကြီး အာရှတ် ဖြစ်လာခဲ့ တော့သည်။ သို့သော် ထိုနှစ်မှာပင် ကြုံတွေ့လိုက်ရသည့် ဆိုင်ကလုံး လေမုန်တိုင်းဒဏ်ကြောင့် ပြည်သူ တစ်သိန်း သုံးသောင်းကျော် သေကြေခဲ့ရပြီး ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံမျှရှိသော ပြည်သူလူထု အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရ၏။ ထို့နောက် ဆက်လက် ဖြစ်ပေါ်လာသည့် စီးပွားရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာများကြောင့် လူထုအုံကြွမှု အဓိကရုဏ်းများ ဆက်တိုက် ဖြစ်ပေါ်လာတော့သည်။ သို့ဖြင့် နောက်ဆုံး သမ္မတအာရှတ်သည်လည်း လူထုလှုပ်ရှားမှုများကြောင့် ရာထူးမှ နုတ်ထွက် ပေးခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ယနေ့တိုင် ရှင်သန်နေသည့် ပါလီမန်ဒီမိုကရေစီစနစ်၏ အခြေခံများကို လူဝတ်လဲထား သည့် စစ်သားဟောင်း သမ္မတကြီးအာရှတ် ချမှတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၁၆၀ နီးပါးမျှရှိ၍ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် လူဦးရေ အထူထပ် ဆုံးနိုင်ငံ ဖြစ်၏။ တစ်စတုရန်းမိုင်အတွင်း နေထိုင်သူ လူဦးရေ ၃,၀၀၀ ကျော်မျှ ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မွေးဖွားနှုန်းမှာလည်း တစ်နှစ်လျှင် ၆ ဒသမ ၃ ရာခိုင်နှုန်းမျှရှိ၍ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့၏။ သို့ သော် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရပ်သားအစိုးရခေတ်တွင် မွေးဖွားနှုန်းလျှော့ချ ရေး ပညာပေးလှုပ်ရှားမှုများ နောက်ပိုင်းတွင်မူ ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂါလီ ၉၈ ရာခိုင်နှုန်းမျှရှိပြီး ၎င်းတို့၏ ၈၈ ရာခိုင်နှုန်းမှာ မွတ်ဆလင်ဘာသာဝင် များ ဖြစ်ကြ၏။ စီးပွားရေးတွင် လယ်ယာလုပ်ငန်း ၆၃ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုလုပ်ငန်း ၂၆ ရာခိုင် နှုန်းနှင့် စက်မှုလုပ်ငန်း ၁၁ ရာခိုင်နှုန်း ပါဝင်၏။ နိုင်ငံနှစ်စဉ် လူတစ်ဦးချင်း ၀င်ငွေမှာ ဒေါ်လာ ၁,၃၀၀ ၀န်းကျင်မျှ သာရှိ၍ ဖွံ့ဖြိုးမှု နည်းပါးသောနိုင်ငံသာ ဖြစ်၏။ ထို့ပြင် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သည့် မုန်တိုင်းများ၏ဒဏ်ကြောင့် သဘာဝကပ်ဘေးနှင့် မကြာခဏ ရင်ဆိုင်နေရသော နိုင်ငံတစ် နိုင်ငံလည်း ဖြစ်ပေသည်။

ထို့ကြောင့် လူဦးရေသန်း ၁၆၀ ကျော် မျှရှိသော နိုင်ငံကြီးတစ်နိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏တပ်မတော်မှာ တပ်အင်အား နှစ်သိန်းကျော်မျှသာ ရှိသည်အထိ အင်အား အချိုးအစား နည်းပါးလျက် ရှိနေရသည်။ ထို့ပြင် ၁၉၇၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော ဘင်္ဂလားဒေ့ရှ်တပ်မတော်သည် အမြဲတမ်းတပ်မတော်တစ်ရပ်မှ ပေါက်ဖွားလာသည့် တပ်မတော်တစ်ရပ် မဟုတ်ပေ။ ပါကစ္စတန်တပ်မတော်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် ထူထောင်ပေးထားသည့် ဘင်္ဂလားတပ်ရင်းအချို့နှင့် အိန္ဒိယတပ်မတော်မှ လေ့ကျင့်ပေးထားသည့် ပျောက်ကျားများ၊ ပါကစ္စတန်တပ်များကို တန်ပြန်တိုက်ခိုက်ရန် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဖွဲ့စည်းထား သည့် ဘာဟီနီ (BAHANI) ပျောက်ကြားများကို ပေါင်းစပ် ဖွဲ့စည်းထားသည့် တပ်ဖွဲ့များသာ ဖြစ်သည်။

ထို့ကြောင့် ဖြတ်သန်းမှု မတူသည့်အလျှောက် လေ့ကျင့်တည်ဆောက်ရေးနှင့် စစ်ရေး အတွေ့အကြုံများ လည်း မတူကြပေ။ ထိုအခါ ဘင်္ဂလားဒေ့ရှ် တပ်မတော်အတွင်းတွင် ဂိုဏ်းအုပ်စု ဖွဲ့မှုများ၊ ဂိုဏ်းအုပ်စု ပြိုင်ပွဲများနှင့် ဂိုဏ်းအုပ်စု ပဋိပက္ခများ၊ သဘာဝကျစွာပင် ဖြစ်ပေါ်နေတတ်လေ့ ရှိ၏။ တစ်သွေးတစ်သံ၊ တစ်မိန့် နာခံတတ်အောင် စည်းလုံးညီညွတ်မှု အားနည်းခဲ့ကြ၏။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်အရာရှိများ အုပ်စုတို့မှာလည်း အများအားဖြင့် စနစ်တကျ လေ့ကျင့်တည်ဆောက် ထားသည့် ဗြိတိသျှ အိန္ဒိယတပ်မတော်မှ ဆင်းသက်လာသူများ မဟုတ်ကြပေ။ ပါကစ္စတန်တပ်မတော်မှ ထူထောင် ဖွဲ့စည်းပေးထားသည့် အရှေ့ပါကစ္စတန် တပ်ရင်းအချို့မှ အရာရှိ အနည်းငယ်မျှသာ ဖြစ်ကြ သည်။ ထို့ကြောင့် ဗြိတိသျှတို့ လေ့ကျင့်တည်ဆောက်ပေးခဲ့သည့် ပါကစ္စတန် တပ်မတော်၏ PROFES-SIONAL ARMY  စိတ်ဓာတ်မျိုးကိုပင် ဘင်္ဂလားဒေ့ရှ် တပ်မတော်တွင် မထူထောင်နိုင်ခဲ့ကြပေ။ ဘင်္ဂလား ဒေ့ရှ် အရာရှိများအုပ်စုတွင် ပါကစ္စတန်တပ်မတော်မှလာသူ ဘာဟီနီ ပျောက်ကြားအဖွဲ့မှ လာသူ၊ မျိုးချစ် တော်လှန်ရေးအဖွဲ့မှလာသူ စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေခဲ့ကြ၏။

မည်သို့ပင်ဆိုစေ ၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော် ထူထောင်ခဲ့သည့်အခါ အဆိုပါ အုပ်စုအသီး သီးမှ လာသူများကိုသာ စုစည်းကာ စစ်ဘက်ဆိုင်ရာ အီလစ်များအပြင် နေရာပေးလာခဲ့ရခြင်း ဖြစ်၏။ ထို စစ်ဘက် အီလစ်များကို အခွင့်ထူးခံ အဆင့်နေရာပေးခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ တာဝန်ခွဲချထားခြင်းစသည့် လုပ်ငန်းအဆင့်အတိုင်းမှာပင် ပြဿနာကြီးငယ် ပေါ်တတ်သဖြင့် အစိုးရက တိမ်းစောင်းမှုများကို အထူးသတိ ထားကြရ၏။ ဘက်အသီးသီး အုပ်စုအမျိုးမျိုးနှင့် ညှိနှိုင်းဆောင်ရွက်ရမြဲ ဖြစ်သည်။

ယင်းသို့ တိမ်းစောင်းမှုများ၏ အကျိုးဆက်ကို ၁၉၇၅ ခုနှစ် ရှိတ်မူဂျီဘူရာမန် လုပ်ကြံခံရသည့်ကိစ္စမှ ၁၉၈၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဇီယာအူမန် သတ်ဖြတ်ခံရသည့်အဖြစ်အထိ တောက်လျှောက် ဖြစ်ပေါ်ခဲ့သည့် အာ ဏာသိမ်းပွဲမျိုးစုံတွင် တွေ့မြင်နိုင်ပေသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ် ဗိုလ်ချုပ်များသည် သူတို့၏ လက်ဦးဆရာ ပါကစ္စတန်ဗိုလ်ချုပ်များကဲ့သို့ ပညာတတ်များ မဟုတ်ကြပေ။ အနောက်တိုင်းမှ SANDHURST, WEST, POINT စသည့် စစ်တက္ကသိုလ် သင်တန်းဆင်းများလည်း မဟုတ်ခဲ့ကြ။ ထို့ကြောင့်ပင် ဘင်္ဂလားဒေ့ရှ် တပ် မတော်ကို စတင် ဖွဲ့စည်းစဉ်က စစ်တပ်အီလစ်များထဲတွင် ပညာတတ်ဟူ၍ လူတစ်ရာပင် မပြည့်ခဲ့ကြပေ။

ထိုအခါ သဘာဝကျစွာပင် အရပ်ဘက် နိုင်ငံရေးသမားများ၏ မင်းပရိယာယ်ကို ၎င်းတို့ ကောင်းစွာ နားမ လည်ခဲ့ကြပေ။ သို့ဖြင့် အာဏာရလာသည့်အခါ အရပ်ဘက် ခေါင်းဆောင်များကဲ့သို့ နိုင်ငံရေးကိုကျွမ်းကျင် လိမ္မာစွာ အသုံးမချတတ်သည့်အပြင် နိုင်ငံရေးသမားများလောက်ပင် ကျွမ်းကျင်လိမ္မာစွာ လာဘ်မစား တတ်ခဲ့ကြပေ။ ခြုံပြောရလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးမှာ တည်ငြိမ်ချော မွေ့လှသည်ဟု မဆိုနိုင်သည့်တိုင် အရပ်ဘက်က နိုင်ငံရေးလုပ်ငန်းတွင် စစ်တပ်ကို အသုံးချနိုင်ရန် အပြိုင် ဆိုင် ကြိုးပမ်းနေကြသည်ကို ရင်မောဖွယ် တွေ့မြင်နေကြရပေသည်။

၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် ဒီမိုကရေစီစနစ် အခြေခံများကို ချမှတ်ပေးခဲ့သူ ဗိုလ်ချုပ်ကြီး တဖြစ်လည်း သမ္မတကြီး အာရှတ်အစိုးရကို အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ နေထိုင်မှုစရိတ် မြင့်မားပြီး ပြည်သူများအား ဆင်းရဲမွဲတေပြာကျခြင်း၊ အလုပ်လက်မဲ့ ထူပြောခြင်းစသည့် အကြောင်းပြချက်များဖြင့် အ၀ါမီ (AWAMI) ပါတီနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) တို့ ဦးဆောင်ဆင်နွှဲသည့် လူထုတိုက်ပွဲများဖြင့် ဖြုတ်ချပစ် နိုင်ခဲ့သည်။ အ၀ါမီပါတီ၏ ခေါင်းဆောင်မှာ ၁၉၇၅ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထူထောင်ခဲ့သူ ရှိတ်မူဂျီဘူရာမန်၏သမီး ရှိတ်ဟာဇီနာ (SHEIK HASINA) ဖြစ်၍ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP ပါတီ၏ ခေါင်းဆောင်မှုမှာ ၁၉၈၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီး ဇီယာအူမန်၏ဇနီး ခါလီဒါဇီယာ (KHALIDAR ZIA) တို့ပင် ဖြစ်ကြသည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် ဆယ်စုနှစ် နှစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့နေရာကို အဆိုပါ အဖွဲ့ နှစ်ဖွဲ့က ရွေးကောက်ပွဲ အပြိုင်နွှဲရင်း အာဏာရယူခဲ့ကြသည်။

ယင်းသို့ ပါတီနှစ်ရပ်အပြိုင်နွှဲ၍ အစိုးရ အဖွဲ့နေရာများကို တစ်စစီလုယူခဲ့ကြမှု အကျိုးဆက်အဖြစ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု အတောမသတ် ပြန့်ပွားလာခြင်း အာဏာရှင်သန်လာခြင်း အပြန် အလှန် ပုတ်ခတ်အပြစ်တင်ခြင်းတို့ အနှံ့အပြား ဖြစ်လာခဲ့၏။ နောက်ဆုံး အပြန်အလှန် နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှုများ အတောမသတ် ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်သဖြင့် ကုလသမဂ္ဂကပင် ၀င်ရောက် ထိန်းသိမ်းပေးပါရန် ဘင်္ဂလားဒေ့ရှ် တပ်မတော်သို့ မေတ္တာရပ်ခံခဲ့ရသည်။ ယင်းသို့ ကုလသမဂ္ဂ မေတ္တာရပ် ခံချက်ကြောင့် အရပ်ဘက်နိုင်ငံရေးပါတီများ အချင်းချင်း ပဋိပက္ခ အဓိကရုဏ်းများအထိ ပေါက်ကွဲထွက်ပေါ် ခြင်းမျိုး မဖြစ်စေရန် ၂၀၀၇ ခုနှစ်စ၍ နှစ်နှစ်ကြာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းရန် တပ်မတော်က ဆုံးဖြတ်ပါဝင်ခဲ့ရ သည်။ သို့တိုင် ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် အရပ်ဘက်နိုင်ငံရေး၏ အရှုပ်အထွေးများတွင် ပါဝင်ပတ် သက်မှု မပြုဘဲ ၂၀၀၉ ခုနှစ်တွင် ရွေးကောက်ပွဲအသစ် ကျင်းပပေးခြင်းဖြင့် နိုင်ငံရေးနယ်ပယ်မှ တပ်ဆုတ် ပေးခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အ၀ါမီလိဂ်ပါတီ အနိုင်ရခဲ့ပြီး ရှိတ်စ်ဟာဆီနီ ၀န်ကြီးချုပ် ပြန်ဖြစ် လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် မည်သို့သော အားနည်းချက် ရှိသည်ပင်ဖြစ်စေ ဒီမိုက ရေစီ နိုင်ငံရေးအင်အားများ၏ ပဋိပက္ခနှင့် အာဏာပြိုင်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး နယ်ပယ်တွင် အဓိကကျ အရေးပါသည့် ခုံသမာဓိ လူကြီးမင်းများ ဖြစ်နေကြရသည်။

အရပ်ဘက်အစိုးရသည် တပ်မတော်ကို ထိန်းချုပ်ရန် အားထုတ်မှုများရှိသည့်တိုင် အခြားတစ်ဖက်တွင် နိုင်ငံရေးပါတီများက စစ်တပ်အပေါ် ချော့မြူရေးဝါဒသုံးကာ အပြိုင်စည်းရုံးနေကြဆဲပင် ဖြစ်သည်။ သို့ပြင် အစိုးရအဖွဲ့တိုင်းသည် တပ်မတော် ခေတ်မီရေးစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်ပေးနေကြရ၏။ နှစ်စဉ် စစ်ဘက်ဂျက်များ တိုးမြှင့်သုံးစွဲနေကြ၏။ အငြိမ်းစား စစ်ဗိုလ်ချုပ်များကို အစိုးရတပ်ဖွဲ့အတွင်း သွတ် သွင်းကာ ၀န်ကြီးနေရာများတွင် ရာထူးခန့်ထားနေကြ၏။

မည်သို့ပင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရမူ သမ္မတတွင် စစ်တပ်ကို အမိန့်ပေးပိုင်ခွင့်အာဏာရှိပြီး စစ် ဦးစီးချုပ်ကို ပြည်သူ့လွှတ်တော်မှ ရွေးချယ်တင်မြှောက်ခြင်း ဖြစ်ပေသည်။ သို့ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ဒီမိုကရေစီဘောင်ထဲတွင် အသွင်သဏ္ဍာန်အရ တည်ငြိမ်ချော မွေ့မှု ရှိသော်လည်း တောင့်တင်းခိုင်မာသည့် အခြေခံ မရှိပေ။ ဘင်္ဂလားပင်လယ်အော်တွင် ပြင်းထန် သည့် နိုင်ငံရေးမုန်တိုင်းတစ်ရပ် ရိုက်ခတ်လာသည်နှင့် အချိန်မရွေး ဖရိုဖရဲ ပြိုလဲသွားနိုင်ခြေ ရှိပေသည်။

Mizzima Burmese