သေနတ်ဖြင့်ပစ်ဖမ်းသော်လည်း လွတ်မြောက်သွားသည့် မူးယစ်တရားခံ ဖမ်းဆီးရမိရေး အရှိန်မြှင့်တင်ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 4/01/2014 04:27:00 PM


မူးယစ်ဆေးဝါးရောင်းချသူတစ်ဦးထံမှ ၀ယ်လက်အသွင်ယူဖမ်းဆီးရန် မန္တလေးခရိုင်ရဲတပ်ဖွဲ့က မတ်လ ၃၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၁၉ လမ်းနှင့် ၆၂ လမ်းကြား၌ စီစဉ်ဆောင်ရွက်ရာ ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားသောကြောင့် ဖမ်းဆီးမှု အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက မတ်လ ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကွင်းဆက်အလိုက် လိုက်လံဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်မြေအလိုက် ရဲတပ်ဖွဲ့များနဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ သေသေချာချာ ပြင်ဆင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဒုတိယရဲမှူးကြီးက ပြော သည်။

ချမ်းအေးသာစံမြို့နယ် City Grand Hotel တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူများ တည်းခိုနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ သုံးစွဲသူသုံးဦးကို ၈၈ စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သူအား စစ်ဆေးရာတွင် ရောင်းချသည့်သူမှာ အောင်ကျော်မိုး(ခ) ဦးကျော်ဆိုသူ ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ရောင်းချခဲ့သူအားဖမ်းဆီးနိုင်ရန် ၀ယ်လက်အသွင်ယူ စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယင်း သို့ စောင့်ဆိုင်းနေစဉ် ရောင်းချသူက နံပါတ် ၂ဃ/၃၇၈၁ပါ တိုယိုတာကရောင်းအမျိုးအစားကားဖြင့် လာ ရောက်ခဲ့၍ တားဆီးစစ်ဆေးခဲ့ရာ လက်မခံဘဲ ထွက်ပြေးခဲ့သဖြင့် ရဲအုပ်ရဲမြင့်က ၃၈ ဗို့ ခြောက်လုံးပြူးဖြင့် တစ်ချက် ခြောက်လှန့်ပစ်ခတ်ပြီး ထွက်ပြေးသူအား လိုက်လံဖမ်းဆီးရာ မန္တလေးတောင်ခြေတွင် မျက်ခြေ ပြတ်သွားခဲ့သည်။

တရားခံဖမ်းဆီးရမိရေးအတွက် ဆက်စပ်သူများအား စစ်ဆေးလျက်ရှိပြီး ဖမ်းဆီးရမိသူ သုံးဦးဖြစ်သည့် ကျော်ဝင်းထွန်း(ခ)ကျော်ကျော်၊ သူရဘို၊ ဇေယျာသိန်း(ခ)ကိုဇေတို့ကို မမစ(မဟာအောင်မြေ)မယ (ပ) ၈/ ၂၀၁၄ မူး/စိတ် ပုဒ်မ ၁၅/၁၆ (ဂ) /၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေ သော အောင်ကျော်မိုး(ခ)ဦးကျော်အား မယ(ပ) ၉/ ၂၀၁၄မူး/စိတ် ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ဖြင့် အမှုဖွင့်အ ရေးယူထားရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မန္တလေးခရိုင်အတွင်း ယခုကဲ့သို့ အများပြည်သူသွားလာသည့်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ တရားခံအား ဖမ်းဆီးရမိရန် အဓိကထား လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အများပြည်သူကို ထိတ်လန့်မှု ဖြစ်စေကာ မဟုတ်မမှန်သတင်းများလည်း ထွက်ပေါ်လာနိုင်သဖြင့် တိကျသော ထုတ်ပြန်ချက်မရှိဘဲ သတင်းများကို မယုံကြည်ကြစေလိုကြောင်း လက်ရှိဖြစ်စဉ်နှင့်စပ်လျဉ်း၍ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ထိတ်လန့်မှုဖြစ်ပေါ်နေသည့် ပြည်သူများအား အသိပေးပြောကြားသည်။

Mizzima Burmese