မန်းရတနာပုံ လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ ခရီးသည် တာချီလိတ် လေဆိပ်တွင် ပျောက်ဆုံး

ပို့စ်တင်ချိန် - 4/19/2014 05:13:00 PM


တာချီလိတ်၊ ဧပြီ ၁၈

မန္တလေးအခြေပြုပြီး ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲလျက်ရှိသော မန်းရတနာပုံ လေကြောင်းလိုင်း၏ ဧပြီ ၁၂ ရက်နေ့ (ရန်ကုန်-မန္တလေး-ညောင်ဦး-ကျိုင်းတုံ-တာချီလိတ်-ဟဲဟိုး ခရီးစဉ်တွင်) ကျိုင်းတုံမှ လိုက်ပါလာသူ ခရီးသည် အမျိုးသားတစ်ဦးသည် ခရီးဆုံးအထိ လိုက်ပါစီးနင်းခြင်း မရှိဘဲ တာချီလိတ် လေဆိပ်အရောက် လေယာဉ် ခေတ္တဆင်းသက် ရပ်နားစဉ် ပျောက်ဆုံးခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့် တာချီလိတ်လေဆိပ် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမှ လိုက်ပါလာသူ ခရီးသည် ရုံမျိုးသန့် (တရုတ်လူမျိုး) သည် ဟဲဟိုးထိ လိုက်ပါရမည် ဖြစ်သော်လည်း ခရီးဆုံးအထိ လိုက်ပါစီးနင်းခြင်း မရှိခဲ့ကြောင်း လေယာဉ်အမှုထမ်းများနှင့် လုံခြုံရေးများကို အသိမပေးဘဲ ဆင်းသက်ကျန်ရစ်ခဲ့ပြီး လေယာဉ်လက်မှတ်ကို တောင်ကြီးလေကြောင်း လက်မှတ်အရောင်းဌာနတွင် ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့အထိ အဆိုပါ ခရီးသည်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ကျိုင်းတုံ မန်းရတနာပုံ လေယာဉ်လက်မှတ် အရောင်းတာဝန်ခံ ဒေါ်နန်းဟွမ်ခံနှင့် တာချီလိတ်လေဆိပ် တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

လေယာဉ်ဝန်ထမ်းများ အနေနှင့် ဆင်းသက်ရန် မဟုတ်သည့် ခရီးသည်များကို လေယာဉ်ပေါ်မှ မဆင်းရန် ကြေညာသော်လည်း ဆင်းသက်သူများကို ရေတွက်ခြင်း၊ အမှတ်အသားများ စိစစ်ခြင်းများ မပြုလုပ်သဖြင့် ယခုကဲ့သို့ ကိစ္စမျိုး ဖြစ်ရကြောင်း၊ ပြည်တွင်းလေယာဉ် များတွင် နှစ်ခါမျှ ကြုံတွေ့ခဲ့ဖူးကြောင်း လေယာဉ်ဖြင့် မကြာခဏ ခရီးသွားနေသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

“လေယာဉ်ဝန်ထမ်းတွေရော လေဆိပ်ရော လုံခြုံရေး အားနည်းတယ်။ လေဆိပ်အဆင်းကို လေယာဉ်ဝန်ထမ်းတွေရော မြေပြင်ဝန်ထမ်းတွေရော စစ်ရမယ့်အပြင် လေဆိပ်အထွက်ခန်းမှာလည်း စစ်ဖို့လိုမယ်” ဟု ၎င်းကဆိုသည်။

တာချီလိတ်လေဆိပ် လုံခြုံရေးအနေဖြင့်လည်း ဆင်းသက် ဝင်ရောက်သည့် ခရီးသည် စိစစ်မှုတွင် အားနည်းကြောင်း၊ ယခုကိစ္စမျိုးသာမက ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က လေဆိပ်ထိန်းသိမ်းရေး မျှော်စင်မှ ပေ ၃၅၀ ခန့်အကွာ ပြေးလမ်း ရေနုတ်မြောင်းအတွင်း မည်သည့် အကြောင်းအရာအရ သေဆုံးခြင်း မသိရသည့် ပုပ်ပွနေသော လူသေအလောင်း တစ်လောင်းကို အဆိုပါ မြောင်းအတွင်း ငါးပက်ရန်လာသူ တစ်ဦးက တွေ့ရှိခဲ့ခြင်း၊ လေယာဉ်ကွင်း ပြင်ပဝင်းအတွင်း မူးယစ်သောက်စား နေသူများ ရှိနေခြင်း စသည့် ကွင်းလုံခြုံရေး အားနည်းမှုများ ရှိနေကြောင်း ကွင်းတာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“မြို့က နယ်စပ်မြို့ ဖြစ်လို့ လူမျိုးစုံ၊ အဖွဲ့အစည်းပေါင်းစုံ ရှိနေတာ။ နိုင်ငံတော် အဆင့်တွေလည်း အမြဲလို သွားလာနေတာ။ ပုတ်ပွနေလောက်အောင် လူသေတာ မသိရတာ။ လေယာဉ်ကွင်း မြောင်းထဲ ငါးလာပက်တာ။ ဒီလို လုံခြုံရေး အားနည်းတာနဲ့ဆို မလိုလားအားအပ်တဲ့ ကိစ္စမျိုး ဖြစ်လာနိုင်တယ်။ လုံခြုံရေးအရ လူကိုစစ်တာအပြင် ကွင်းလုံခြုံရေးလည်း ဒီထက်ပိုဆောင်ရွက်ဖို့ လိုမယ် ထင်တယ်။ ပြီးတော့ လေယာဉ်ကွင်းက ကျိုင်းတုံသွား ကားလမ်းဘေးမှာ ရှိနေတာ ပိုဂရုစိုက်ဖို့ လိုမယ်” ဟု ၎င်းကဆိုသည်။

ကွင်းတာဝန်ကျ လုံခြုံရေး ရဲဝန်ထမ်းများ အနေနှင့်မူ လေဆိပ်အပြင် စည်းထက်အတွင်းကို တာဝန်ယူထားကြောင်း ပြောကြားပြီး လေယာဉ်ကွင်း လုံခြုံရေးကို ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း တာချီလိတ် ရဲတပ်ဖွဲ့စခန်း တာဝန်ကျ တာဝန်မှူးက ဖြေကြားသည်။

ယင်းနေ့က လေယာဉ်ကို တာချီလိတ် စစ်ဗျူဟာက မိုင်းရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ရပြီး တစ်နာရီခန့် နောက်ကျ ထွက်ခွာခဲ့ရကြောင်း အဆိုပါလေယာဉ် စီးနင်းလိုက်ပါသည့် ခရီးသည်တစ်ဦးက ဆိုသည်။

မန်းရတနာပုံ လေကြောင်းလိုင်းသည် ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ ကျိုင်းတုံနှင့် တာချီလိတ် ခရီးစဉ်များကို တစ်ရက်လျှင် နှစ်ကြောင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စ၍ ပြေးဆွဲလျက် ရှိပြီး ထပ်မံ၍ မြစ်ကြီးနား၊ လားရှိုး၊ ထားဝယ်၊ မြိတ်၊ စစ်တွေနှင့် ကော့သောင်း ခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း မန်းရတနာပုံ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်လေဆိပ်ကို ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းလေယာဉ် ခရီးစဉ် အများအပြား ဆင်းသက်နေသည့် လေယာဉ်ကွင်း ဖြစ်သည့်အပြင် တာချီလိတ် နယ်စပ်ဂိတ်ကို နိုင်ငံတကာ ဝင်ထွက်ပေါက်အဖြစ် ပြီးခဲ့သည့် နှစ်အတွင်း သတ်မှတ်ပြီးချိန်မှစ၍ နိုင်ငံခြား ခရီးသည်များ သွားလာနေသည့် လေယာဉ်ကွင်းတစ်ခု ဖြစ်ကြောင်း ယင်းလေဆိပ် ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly