ပန်းခင်းကို ဆေးဖြန်းပြီး ထမင်းစားသူ အဆိပ်သင့်သေဆုံး

ပို့စ်တင်ချိန် - 4/24/2014 07:53:00 AM



ညောင်နှစ်ပင်ညီလာခံ ၀င်းအတွင်းရှိ ပန်းခင်းတွင် ပိုး သတ်ဆေးဖျန်းပြီး အိမ်ပြန်ကာ လက်မဆေးဘဲ ထမင်းစားခဲ့သည့် ခြံစိုက်ပျိုးရေးလုပ်သူတစ်ဦး မူးဝေ အော့အန်ပြီး ဆေးရုံအရောက်တွင်
သေဆုံးသွားကြောင်းသတင်းရရှိသည်။

လှည်းကူးမြို့နယ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်(၃)ရှိ ညောင်နှစ်ပင်ညီလာခံဝင်းအတွင်းရှိ ပန်းခင်းတွင် စိုက်ပျိုးရေးလုပ်သူ အမျိုးသားတစ်ဦးသည် ဧပြီ ၂၀ရက်ညနေက ၎င်းစိုက်ပျိုးထားသည့် ပန်းခင်းသို့ ဖန်သိုအိတ်ခ်ျအမျိုးအစားပိုးသတ်ဆေးရည်ဖြင့် သွားရောက်ပက်ဖျန်းခဲ့သည်။

ထို့နောက် အိမ်သို့ပြန်လာကာ ထမင်းစားစဉ် မူးဝေအော့အန်လာသဖြင့် လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သန်းခေါင်ယံတွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ စစ်ပြီးပြီ။ သူက တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာရယ်၊ ပိုးသတ်ဆေးက နည်းနည်းပြင်းတော့ အခုလိုဖြစ်သွားတာ’’ဟု အမှုစစ်ရဲအရာရှိတစ်ဦးကပြောသည်။

သေဆုံးသူတွင် ဇနီးနှင့် ကလေးနှစ်ဦးကျန်ခဲ့ပြီး သပြေနှင့် ဂန္ဓမာပန်းများကို ကိုယ်တိုင်စိုက်ပျိုးရောင်းချသည့် အလုပ်လုပ်ကိုင်ကြသည်။ အဆိုပါ ဖန်သိုအိတ်ခ်ျအမျိုးအစား ပိုးသတ်ဆေးရည်ကြောင့် အခြားဒေသများတွင်လည်း သေဆုံးမှုများကြုံတွေ့ဖူးသည်ဟု အထက်ပါအရာရှိက ပြောသည်။
7Day Daily