ဒမ္ဘာဘား၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်သုံးမှတ်ရခဲ့သည့် ချယ်ဆီး

ပို့စ်တင်ချိန် - 4/14/2014 11:11:00 PM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၄) ဆွမ်ဆီးနှင့် ချယ်ဆီး ပွဲစဉ်တွင် ဧည့်သည်အသင်းက ဒမ်ဘာဘား၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဆွမ်ဆီးတွင် ဗွန်၊ ရိန်ဂျယ်၊ ချီကို၊ ဝီလျံစ်၊ ဒေးဗစ်၊ ဘရစ်တန်၊ ရှယ်ဗီ၊ ဒိုင်ယာ၊ ဟာနန်ဒက်ဇ်၊ ရုဒ်လက်ခ်ျ၊ ဘိုနီတို့ ပါဝင်ကစားခဲ့သည်။

ချယ်ဆီးတွင် ဆက်ခ်ျ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ အက်ဇ်ပီလီကွိုင်တာ၊ ရာမီးရက်စ်၊ မာတစ်၊ ဆာလား၊ ဝီလျံ၊ ရှာရယ်လ်၊ ဘား တို့ပွဲထွက် ပါဝင်ခဲ့သည်။

ပွဲအစ ၆ မိနစ်တွင် ချယ်ဆီးအသင်း အဖွင့်ဂိုး ရရှိလုနီးပါး ဖြစ်ခဲ့သော်လည်း အိုင်ဗန်နိုဗစ် ပေးပို့သည့် ဘောလုံးကို ဘားရရှိသွားပြီး ထပ်မံ ပေးပို့သည့် ဘောလုံးကို ဆာလား ပိတ်သွင်းရာ ဂိုးဘေးကပ်ထွက်ခဲ့သည်။ ၁၄ မိနစ်တွင် အိန်ဂျယ်ရိန်ဂျယ် တင်ပေးလိုက်သည့် ဘောလုံးကို ဘိုနီ ခေါင်းတိုက်သွင်းရာ ဆက်ခ်ျ အလျင်အမြန် ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ ၁၅ မိနစ်တွင် ချယ်ဆီး၏ တန်ပြန်တိုက်စစ်ကို ဟန့်တားခဲ့သည့် ချီကို အဝါကတ်ထိခဲ့သည်။ ၁၆ မိနစ်တွင် ဘယ်ခြမ်းမှ ထိုးဖောက် တိုက်စစ်ဆင်လာသည့် ရှာရယ်လ်ကို ဟန့်တားခဲ့သည့် ချီကို ဒုတိယ အဝါကတ်ထိခဲ့သောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ပွဲချိန် ၄၅ မိနစ်ပြည့်ပြီး နာကျင်အချိန်ပို ၂ မိနစ်တွင် ဆာလားက နောက်ထပ် ဂိုးသွင်းခွင့် ရရှိခဲ့သောကြောင်း ၎င်း၏ ကန်သွင်းချက်မှာ ဂိုးဘေးထွက်ခဲ့သည်။

ဒုတိယပိုင်းတွင် တစ်ယောက်အသာဖြင့် ကစားရသည့် ချယ်ဆီးကသာ ပွဲကိုစိုးမိုးခဲ့သည်။ ၅၆ မိနစ်တွင် အိုင်ဗန်နိုဗစ် တင်ပေးလိုက်သည့် ဘောလုံးကို ဘား ခေါင်းတိုက်သွင်းသော်လည်း ဂိုးဘေး ထွက်ခဲ့သည်။ ၅၈ မိနစ်တွင် ဆွမ်ဆီးနောက်ခံလူ ဝီလျံစ်၏ အမှားမှတစ်ဆင့် အီတူး ရရှိသွားပြီး ၁၀ ကိုက်အကွာမှ ကန်သွင်းသော်လည်း ဂိုးဘေးထွက်ခဲ့သည်။ ၆၀ မိနစ်တွင် ဆွမ်ဆီးက ဂိုးရရှိလုနီးပါး ဖြစ်ခဲ့ပြီး ရုဒ်လက်ခ်ျ ပေးပို့သည့် ဘောလုံးကို ဘိုနီက ဂိုးအဖြစ် ပြောင်းလဲရန် ကြိုးစားသော်လည်း ချယ်ဆီး နောက်ခံလူများက ဖျက်ထုတ်နိုင်ခဲ့သည်။ ၆၈ မိနစ်တွင် ချယ်ဆီးက အဖွင့်ဂိုး ရရှိသွားခဲ့ပြီး အဆိုပါ ဂိုးကို ဒမ်ဘာဘားက ဆွမ်ဆီး နောက်ခံလူ ဝီလျံစ်ကို ကျော်ဖြတ်ပြီး သွင်းယူသွားခဲ့သည်။ နောက်ပိုင်းတွင် ချယ်ဆီးက ဂိုးထပ်မံ သွင်းယူရန် ကြိုးစားခဲ့သော်လည်း ပွဲအပြီးတွင် ဒမ်ဘာဘား၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်သာ အနိုင်ရရှိသွားခဲ့သည်။

soccermyanmar