အမြန်လမ်း ယာဉ်နှစ်စီးမီးလောင်မှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 4/13/2014 10:43:00 AM


ယာဉ်တိုက်မိရာမှမီးလောင်၍ ၁၂ ဦးသေ၊ အမြန်လမ်းရဲတပ်ဖွဲ့က
ကူညီဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၁၂

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၆/၂-၃)ကြားတွင် ယာဉ်တိုက်မှုဖြစ်
ပွားခဲ့ကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ နေပြည်တော်မှရန်ကုန်ဘက်သို့ လမ်းယာဉ်ကြောညာအစွန်၌ လမ်းမှန်အတိုင်း မောင်းနှင်လာသော ၉က/xxxx ချီစာဆလွန်းအဖြူရောင်ယာဉ်အား ၅ဃ/xxxx တောင်ပြာတန်းခရီးသည်တင် မှန်လုံယာဉ်ကကျော်တက်စဉ် နောက်ဘက်မှ ၀င်ရောက်တိုက်မိသဖြင့်

ချီစာဆလွန်းယာဉ်မှာ ခရီးသည်တင်ယာဉ်ရှေ့မှချိတ်
လျက်ရှေ့ကိုက်(၁၀၀)ခန့်ထိ ဒရွတ်တိုက်ပါသွားပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ ချီစာယာဉ်ပေါ်သို့ခရီးသည်တင်ယာဉ်က တစ်ဝက်ခန့်အထိပိကျသွားခဲ့သည်။

ချီစာယာဉ်မှာ ဒရွတ်တိုက်ပါသွားစဉ် ဆီတိုင်ကီနှင့်ကွန်ကရစ်လမ်း ပွတ်တိုက်မိရာမှ ယာဉ်(၂)စီးစလုံး မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရှိရသည်။

ယာဉ်တိုက်မှုသတင်းရလျှင်ရချင်း အခင်းဖြစ်နေရာသို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ဖြူး၊ မြို့ချောင်းနှင့်ဗောဓိကုန်းတို့ရှိ အမြန်လမ်းရဲစခန်းများမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုယာဉ်များ၊ လူနာတင်ယာဉ်များ၊

အမြန်လမ်းမီးသတ်နှင့်ဖြူးမြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ်(၂)စီး ချက်ချင်းရောက်ရှိခဲ့ကြပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ် ၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြရာ ၀၃၀၀ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ထို့နောက် အမြန်လမ်း တပ်ဖွဲ့ဝင်များသည် ယာဉ်ပေါ်တွင်ပါရှိသော ခရီးသည်များအား ကူညီဆောင်ရွက်ပေးခြင်း၊ သေဆုံးသူအလောင်းများအား ယာဉ်(၂)စီးပေါ်မှဆွဲထုတ်ခြင်း၊ ဒဏ်ရာရရှိသူများအား ဖြူးဆေးရုံသို့ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
မီးလောင်မှုကြောင့် ချီစာဆလွန်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည်(၆)ဦး (ကျား/မ ခွဲမရသေး) မီးလောင်သေဆုံးခဲ့သည်။ ထို့အတူ ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် ခရီးသည် (၄၄)ဦးလိုက်ပါလာရာ ယင်းတို့အနက် (၆)ဦး(ကျား/မ ခွဲမရသေး) အခင်းဖြစ်ရာ၌ မီးလောင်သေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်။

အမြန်လမ်းတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ယာဉ်များအား စနစ်တကျရှင်းလင်းခဲ့ပြီး ချီစာဆလွန်းယာဉ်ပေါ်ပါ မီးလောင်သေဆုံးသူများထံမှ ရွှေဆွဲကြိုး(၂)ကုံး၊ ပလက်တီနံဆွဲကြိုး(၁)ကုံး၊ ရွှေဟမ်းချိန်း(၁)ခု၊ ရွှေလက်ကောက်(၃)ကွင်း၊

မီးလောင်ထားသည့် ငွေစက္ကူရောရာ(၁၄)သိန်း (၄)သောင်း ကျပ်နှင့် ၅ဃ/xxxx တောင်ပြာတန်းယာဉ်ပေါ်ပါ သေဆုံးသူများထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ မီးလောင်ပြီးနာရီ (၂)လုံးတို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် စနစ်တကျသိမ်းဆည်းခဲ့ပြီး သက်ဆိုင်သူများကို စုံစမ်းဖော်ထုတ်လျက် ပြန်လည်ပေးအပ်သွားရန် စီစဉ်ထားကြောင်းသိရသည်။

အဆိုပါမီးလောင်ခြင်းခံရသည့်ယာဉ်ပေါ်မှ ကျန်ခရီးသည်များအား ဖြူးအမြန်လမ်းရဲစခန်းတွင် ခေတ္တခေါ်ယူ၍ ယာဉ်ပေါ်ပါရှိသူ (၁၄)ဦးနှင့် ဆေးကုသမှုခံယူနေသူ

ဒဏ်ရာရ(၅)ဦးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်ပံ့သည့် ငွေကျပ်(၂၃)သိန်းအား တစ်ဦးလျှင် ငွေ(၁၀၀၀၀၀ိ/-)၊ ပုဆိုး၊ အင်္ကျီ၊ လုံချည်(၁)စုံစီနှုန်းဖြင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးက ရဲချုပ်ကိုယ်စား တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ(၅)ဦးမှာ ဖြူးဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ ကျား(၁)ဦးမှာ တောင်ငူဆေးရုံ နှင့် ကျား(၁)ဦး၊ မ(၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှုခံယူခဲ့ရာ အမြန်လမ်းရဲတပ်ဖွဲ့မှူးက ကြပ်မတ်၍ပို့ဆောင်ပေးပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့သည်။

မီးလောင်မှုကြောင့် ချီစာဆလွန်းယာဉ်မှာ တန်ဘိုးငွေကျပ်သိန်း(၁၁၀)ခန့်၊ တောင်ပြာတန်း ခရီးသည်တင်မှန်လုံယာဉ်မှာ တန်ဘိုးငွေကျပ်သိန်း(၇၅၀)ခန့်၊ ယာဉ်ပေါ်ပါကုန်ပစ္စည်းနှင့်အ၀တ်အထည် တန်ဘိုးငွေကျပ်သိန်း(၄၀)ခန့်၊

စုစုပေါင်းတန်ဘိုးငွေကျပ်သိန်း(၉၀၀)ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသော ခရီးသည်တင်မှန်လုံယာဉ်မောင်းနှင်သူ အောင်ဇေယျ အား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်