ဘင်္ဂါလီ အမည်ခံမည်ဆိုကာ ဆက်သွယ် သန်းခေါင်စာရင်းကောက်ခံသည့် အိမ်ထောင်စု ခြောက်ထောင်ကျော်ရှိပြီဖြစ်

ပို့စ်တင်ချိန် - 4/24/2014 05:29:00 PM


ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဟု အမည်ခံကာ သန်းခေါင်စာရင်း အကောက်ခံသည့် အိမ်ထောင်စု ၆ဝဝဝ ကျော်ရှိပြီဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနညွှန်ချုပ် ဦးမြင့်ကြိုင်က ပြောသည်။ အကောက်ခံသူများတွင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေတို့မှ အိမ်ထောင်စုများ ပါဝင်ပြီးသက်ဆိုင်ရာ နယ်မြေသန်းခေါင်စာရင်းရုံးသို့ ဆက်သွယ်ကာ အကောက်ခံခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

''တကယ်လို့ အကောက်မခံဘူးဆိုရင် သူတို့အတွက်ပဲ နစ်နာစရာရှိတယ်ဆိုတာ သဘောပေါက်သွားမှာပါ။ ဆက်ပြီးအကောက်ခံဖို့အတွက် ကျွန်တော်တို့ ပညာပေးမှုတွေ
လုပ်နေပါတယ်'' ဟု ဦး မြင့်ကြိုင်က ပြောသည်။

ယခု ဘင်္ဂါလီဟု အမည်စာရင်းသွင်း ကောက်ခံသူများသည် သန်းခေါင်စာရင်းစကောက်စဉ်က ရိုဟင်ဂျာဟု အမည်စာရင်းသွင်းမှသာ အကောက်ခံမည်ဟု ဆိုခဲ့ကြပြီး သန်းခေါင်စာရင်း အကောက်ခံ ရန် ငြင်းဆန်ခဲ့သည်။ ထို့ ကြောင့် သန်းခေါင်စာရင်း ကောက်ခံသည့်
မတ် ၃ဝ မှ ဧပြီ ၁ဝ ရက်အတွင်း စာရင်းမသွင်းနိုင်ခဲ့ပေ။ သို့သော်

၎င်းတို့ကို ဘင်္ဂါလီဟု အမည်စာရင်းသွင်းခံက အချိန်ရှစ်ပတ်ကြာ ထိ စောင့်ဆိုင်းကာ ကောက်ခံပေးမည်ဟု အစိုးရက အသိပေးခဲ့သည်။

သို့သော် ယခုနောက်ပိုင်းတွင် ဘင်္ဂါလီ မိသားစုများက နယ်မြေရုံးများသို့ ဆက်သွယ်လာကြခြင်း ဖြစ်ကြောင်း၊ ၎င်းတို့တွင် ခြိမ်းခြောက်ခံရမှုများ ရှိကြောင်း ဦးမြင့်ကြိုင်က ပြောသည်။ လက်ရှိတွင် သန်းခေါင်စာရင်း ကောက် ခံမည့် အချိန်ကို ရှစ်ပတ်ထပ်တိုးထားသောကြောင့် စာရင်းမှာ အတည် မဖြစ်သေးကြောင်း၊ သန်းခေါင် စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ တစ် ပတ်နှစ်ပတ်အတွင်း စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုသည် ဧပြီ ၈ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁ဝ သန်းကျော် ပြီးစီးပြီဖြစ်ပြီး၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်ဒေသ အချို့တွင် ကောက်ခံရန် ကျန်ရှိနေသေးသည်။

အခြားဆက်စပ်သတင်းများ



မေဇင်ဝင်း
Popular Myanmar News Journal