ဒီကေဘီအေနဲ့လိုက်ပါလာတဲ့ သမီးလေးကျေးရွာသားတွေ တားဆီးခံရ

ပို့စ်တင်ချိန် - 4/02/2014 03:11:00 PM


ရန်ကုန်တိုင်းအတွင်း ရွာဖျက်ခံရလို့နေစရာမရှိတဲ့ ရွာသား ၂၀၀ ကျော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေထိုင်ဖို့ ကရင်ပြည်နယ်အစိုးရရဲ့ တားဆီးမှုနဲ့ ကြုံနေရပါတယ်။

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)ရဲ့ အကူအညီနဲ့ နယ်စပ်ရွာမှာ နေကြဖို့ မော်တော်ကားတွေနဲ့လာစဉ်မှာ ကရင်ပြည်နယ်အ၀င် ဒုံသမိချောင်းမှာ တားဆီးခံရတာလို့ ဒီကေဘီအေက ဗိုလ်မှူးဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

tameelay ban02042014ကရင်ပြည်နယ် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက ဒီကေဘီအေ အနေနဲ့ သူတို့နဲ့ တိုင်ပင်ညှိနှိုင်းမှု မလုပ်လို့ဆိုပြီး နေခင်းမျာ တားဆီးတာဖြစ်ပြီး ဒီကေဘီအေ အနေနဲ့ သူတို့နဲ့ညှိနှိုင်းဖို့ ပြောဆိုတယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

“ဟုတ်တယ်။ လောလောဆယ် ဒုံသမိတံတားမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာ ပိတ်ဆို့ထားတယ်။ တားတာက ကြိုတင်ညှိနှိုင်းဆွေးနွေးမှု မရှိပဲ ခေါ်ဆောင်လာလို့တဲ့ အဲဒါ စကားပြောမယ်၊ ညှိနှိုင်းမယ်လို့ ပြောတယ်။ ဘာညှိနှိုင်းမလဲ ကျနော်လည်း မသိရဘူး။ အခြေအနေက ဒီလူတွေကို အနီးအနားမှာ ထားပြီး နယ်လုံဝန်ကြီးနဲ့ သွားတွေ့ဖို့ ခေါ်တယ်။ ကျနော်ကလည်း သွားမယ်။ သွားမယ်ဆိုတော့ မနော်အုံးလှနဲ့ သမီးလေးကျေးရွာသားတွေကလဲ သူတို့က မထားခဲ့နဲ့ သူတို့ကို မခွဲနဲ့လို့ ပြောတယ်။ ထားပြီး သူတို့ဆီပြန်လာဖို့က မလွယ်ဘူးပေါ့လေ။ လောလောဆယ် သူတို့နဲ့အတူတူပဲ။”

လက်ရှိ ဒီကေဘီအေနဲ့ အတူ လိုက်ပါလာတဲ့ မိသားစုကတော့ ၈၁ စုရှိပြီး လူပေါင်း ၂၀၁ ဦးပါလာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက တပ်ပိုင်နယ်မြေဆိုပြီး လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလေ စတဲ့ ရွာပေါင်း ၆ ရွာ ဖျက်စီးခံခဲ့ရပါတယ်။

လက်ရှိဒီကေဘီအေနဲ့အတူပါလာတဲ့သူတွေကတော့ သမီးကလေး၊ အင်းပုတီးနဲ့ ထော်ကာလေရွာ ၃ ရွာက ရွာသူရွာသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒုက္ခေ၇ာက်နေတဲ့ မိသားစုတွေနဲ့ အတူလိုက်ပါလာတဲ့ ထော်ကာလေဘုန်းကြီးကတော့တော့ အခုလို တားဆီးတဲ့တာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ဝေဖန်လိုက်ပါပါတယ်။
“တိုင်းတပါးသွားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီကိစ္စဟာ မဖြစ်သင့်ဘူးလို့ ဘုန်းဘုန်းတို့ အနေနဲ့ မြင်တယ်လေ။ အဲဒီတော့ ဘာပြောချင်လဲဆိုတော့ မဖြစ်သင့် မဖြစ်ထိုက်တဲ့အရာတွေ မဖြစ်ဖို့ပဲလိုတယ်လို့ ဒါပဲ ပြောချင်ပါတယ်။”

တားဆီးမှုနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရကို တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဖြေကြားခြင်း မရရှိပါဘူး။

DVB Burmese