မြန်မာ့အနာဂတ်ကို သင်ဘယ်လိုဖြစ်စေချင်သလဲ

ပို့စ်တင်ချိန် - 4/10/2014 01:00:00 PM


Author:
နေနော်


သင်္ကြန်မဏ္ဍပ်တချို့မှာ (VIP လက်မှတ်ဆိုရင် တစ်ရက်တစ်သိန်း။အရက်ပါမယ်။ မူးရင်ဝင်အိပ်ဖို့ အခန်းတစ်ခန်းပါမယ်) လို့ ဆောက်လုပ်နေသူတွေကပြောတဲ့   အကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှာ ဖတ်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မဏ္ဍပ်တွေမှာအခန်းတွေ ထည့်ဆောက်တာ ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ကျွန်တော်ဖေ့စ်ဘွတ်ခ်တင်လိုက်တော့ တော်တော်များများ ထောက်ခံကြသလို ဂျာနယ်တချို့ကလည်း အင်တာဗျူးလှမ်းမေးကြတယ်။ မေးတဲ့မေးခွန်းနဲ့  ကျွန်တော်ပြောချင်တာတွေ မဆံ့လို့မို့ ဒီဆောင်းပါးကိုလက်ပူတိုက်ရေးလိုက်ရတာပါ။အားချင်းရေးလိုက်ရတာမို့  လွဲချော်မှုပါရင် ခွင့်လွှတ်ဖို့ကြိုတင်တောင်းပန်ပါတယ်။

သင်္ကြန်လို့ပြောလိုက်တာနဲ့ ပူးတွဲပါဝင်လာတဲ့အနက်အဓိပ္ပာယ်ဟာ မြန်မာ့ယဉ်ကျေးမှုဖြစ်တယ် ဆိုတာကတော့ မြန်မာတိုင်းငြင်း လို့မရတဲ့အချက်ပါ။ ထိုင်းသင်္ကြန်၊ အိန္ဒိယသင်္ကြန်တွေရှိသလို မြန်မာ့ သင်္ကြန်ဟာလည်း မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကမ္ဘာ့နိုင်ငံများစွာ ရဲ့   စိတ်ဝင်စားမှုအာရုံကို ဆွဲဆောင်နိုင်ခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ တစ်ဆက်တည်း သရုပ်ပျက်လာခဲ့တာလည်း တော် တော်ကြာခဲ့ပြီလို့  စိတ်မကောင်းစွာ အသိပေးပါရစေ။ သင်္ကြန်မှာ အရက်ချောင်းစီးခေါင်းကြီး ငိုက်စိုက်ကျပြီး သရုပ်ပျက်ကြတာတွေ။ မလုံ့တလုံပျိုမေတို့ စင်ပေါ်တက်ပြီး ကိုယ်ကာယကြော်ငြာကြတာတွေဟာ မတွေ့ချင်မှအဆုံး မြင်တွေ့နေရတယ်။ သမီးကြောင့်သင်္ကြန်မှာ အရှက်ရလို့ ဖခင်ဖြစ်သူသတ်သေသွားတယ်ဆိုတာလည်း မနှစ်တစ်နှစ်က ထင်ရဲ့ ဖတ်လိုက်ရတယ်။ အခုသင်္ကြန်မဏ္ဍပ်တွေမှာ ဗီအိုင်ပီတွေအတွက် အခန်းတွေပါထည့်ဆောက်ကြဦးမယ်ဆိုတော့ ဒါဟာဘာကိုရည်ရွယ်ပါသလဲ။  စဉ်းစားတတ်သူတိုင်း စိုးရိမ်စရာ ကိစ္စဖြစ်သလို ဦးနှောက်ရှိသူတိုင်းလည်း ရှုတ်ချဖို့ကောင်းတဲ့ကိစ္စပါ။ တချို့က အကောင်းမမြင်နိုင်ဘူးလားတဲ့။ကျွန်တော်လုံးလုံး အကောင်းမမြင်နိုင်လို့ ဆေးကျောင်းသူလေး သင်္ကြန်တစ်ခါလည်မိတာ  ဘဝပျက်သွားရတဲ့ အကြောင်းဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ဖူးပါတယ်။

   သင်္ကြန်အထာကောင်း ကောင်းကျွမ်းကျင်သူတစ်ယောက်ကတော့ ခုလိုအခန်းတွေဟာ အရင်နှစ်တွေကတည်းက မဏ္ဍပ်တော်တော်များများမှာတစ်ခန်း နှစ်ခန်းရှိကြောင်း။  တစ်နာရီ လောက်အသုံးပြုချင်ရင် မဏ္ဍပ် အော်ဂနိုက်ဇာနဲ့နှစ်သောင်းသုံး သောင်းပေးပြီးညှိရကြောင်း ကွန်မန့်ပေးတယ်။ ဒါကတော့ သိတာသိစေ မမြင်စေနဲ့ကိစ္စမို့ မပြောလိုပါဘူး။ ခုလိုဗီအိုင်ပီလက်မှတ်တစ်စောင်ဝယ်ရင်နားဖို့တစ်ခန်းပေးမယ်ဆိုတာကြီးကတော့ မဖြစ်သင့်လို့ တာဝန်ရှိသူတွေက တားဆီးပေးဖို့ တောင်းပန်ရတာပါ။ သင်္ကြန်မှာ သရုပ်မပျက် ဖို့တို့။ မဏ္ဍပ်တွေနားမှာ အရက်၊ ဘီယာမရောင်းဖို့တို့ နှစ်တိုင်း ကြေညာနေတာပဲ။ ဒါပေမဲ့လည်း နှစ်တိုင်းလည်း ရောင်းသူက ရောင်းပြီး မူးသူတွေကလည်း မူးနေကြတာ တစ်နိုင်ငံလုံးအသိပါ။ မသောက်နဲ့လို့တော့တားလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ အလွန် အကျွံမဖြစ်အောင်တော့ တားဆီးပေးလို့ရပါတယ်။ စင်ကာပူမှာ အရက်သောက်ပြီးကားမောင်းရင်ပြစ်ဒဏ်ပေးလို့ ဘယ်သူမှ အလွန်အကျွံမသောက်ရဲကြ ဘူး။ ကိုယ့် Apartment ပြန်ရောက်မှ အောက်ကဆိုင်မှာ လေးဖက်ထောက်အောင် သောက်ချင် သောက်မယ်။ ကားမောင်းရင်း တော့ မသောက်ရဲကြဘူး။ ဒီမှာ လည်း လမ်းပေါ်ယိမ်းထိုးပြီးယိုင် လဲနေအောင်၊   ပြဿနာဖြစ် အောင်သောက်ရင် အချုပ်ခန်းထဲ အလည်ခေါ်မယ်ဆို ဘယ်သူမှ အဲဒီလောက်ထိ  သောက်ရဲမှာ မဟုတ်ဘူး။ လုပ်ရင်ရပါတယ်။

 သီတင်းကျွတ်မှာ ဗြောက် အိုးဖောက်ရင်ဖမ်းမယ်ဆိုတော့ တစ်နိုင်ငံလုံးဗြောက်အိုးသံတွေ တိတ်သွားခဲ့ဖူးတယ်။ ဟွန်းမတီးရ ဟွန်းသံကင်းမဲ့ဇုန်တွေလုပ်လိုက် တော့ ဟွန်းသံတပွမ်ပွမ်တွေ တစ် နိုင်ငံလုံးငြိမ်သက်သွားခဲ့ဖူးတယ်။ ခုလည်း သင်္ကြန်ကို ပါးကွက်လေး တွေလိမ်းပြီး သပြေခက်လေးတွေ နဲ့ ရေပက်တာမျိုးမဟုတ်တောင်၊ မသောက်မစားဘဲ  အခြောက် တိုက်ကြီးလည်ပတ် တာမျိုးမဟုတ် တောင် အလွန်အကျွံသရုပ်မပျက် ဖို့၊ မဏ္ဍပ်တွေမှာ အမိန့်ရဆိုင်လို အရက်တွေ၊ ဆေးပြားတွေပလူပျံ ပြီး နားနေခန်းတွေထည့်မဆောက် ဖို့ တားဆီးပေးရင်ရပါတယ်။ စောစောက အင်တာဗျူးတဲ့မိန်း ကလေးက အခုခေတ်မှာ Love Coffee တို့၊  လဗ်အချိုရည်တို့ သကြားလုံးတို့ တော်တော်ပေါနေ တယ်ဆိုတာဟုတ်လား မေးလာလို့ ဒေါက်တာတင့်ဆွေ ဖေ့စ်ဘွတ်ခ် စာမျက်နှာဖတ်ကြည့်ဖို့  ညွှန်း လိုက်ရသေးတယ်။ ခုခေတ်ကိုယ့် မွေးနေ့အတွက် စာကလေးသက် စေ့လွှတ်ချင်ရင်သာ ရှာဝယ်ဖို့ခက် မယ်။ စောစောကပြောတဲ့ ဆေး တွေကတော့  ဖရေဇာမှာပေါမှ ပေါပဲ။ သင်္ကြန်ဆို တချို့မဏ္ဍပ် တွေမှာ အချင်းချင်းနားလည်မှုနဲ့ တောင်းရင်တောင်ရနိုင်ပါသတဲ့။

ဒီလိုဆေးလုံး၊ ဆေးပြားတွေ ရဲ့ တွန်းပို့မှုကြောင့်ဖြစ်ဖြစ်။ အတုမြင်အတတ်သင်ဆိုတဲ့ စီးမျောမှုကြောင့်ဖြစ်ဖြစ်။ တိုင်းသိပြည်သိနာမည်ကြီးတွေတောင် ကဲနေကြသေးတာပဲ။ ငါတို့က ဘာမို့လို့လဲ။ တစ်နှစ်မှတစ်ခါပဲလေဆိုပြီး ကိုယ့်ဂုဏ်သိက္ခာကို လွှတ်ချလိုက်မှုကြောင့်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အနာဂတ်အရင်းအမြစ် အမျိုးကောင်းသမီးလေးတွေ ဘဝပျက်သွားရင်။ အမျိုး ကောင်းသားလေးတွေဘဝပျက်သွားရင် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။

  ကျွန်တော်ပြောလိုက်ပါ့ မယ်။ ကျွန်တော်အပါအဝင် ဝင်ရောက်  ထိန်းသိမ်းနိုင်ခွင့်ရှိလျက်နဲ့ ဝင်မထိန်းဘဲ(တစ်နှစ်မှ တစ်ခါပျော်ရတာပျော်ပါစေ)ဆိုတဲ့လူကြားကောင်းရုံဆင်ခြေမျိုးနဲ့ ခေါင်းရှောင်နေသူအားလုံးမှာ တာဝန်ရှိပါတယ်။ သေချာအောင်ထပ်ပြောပါ့မယ်။  မကောင်းမှုတစ်ခုကို တားဆီးပေးနိုင်ပါလျက်မတားဆီးဘဲ မျက်နှာလွှဲနေမယ် ဆိုရင် အဲဒီလူအားလုံးဟာ တရားခံမဟုတ်တောင် အလိုတူ အလိုပါစာရင်းဝင်ပါတယ်။ ဥပဒေစကားအရဆိုရင်တော့ အားပေးကူညီသူ/အမှုတွဲတွေပါပဲ။

တချို့က ပြဿနာမဖြစ်ချင် လို့၊ တချို့ကတော့ အလုပ်မရှုပ် ချင်လို့၊ တချို့ကတော့ ဒါရိုးရာပဲ လေ။  မကင်းရာမကင်းကြောင်း ကလေးတွေလည်းပါနေတာဆို တော့ စသဖြင့်အကြောင်းပြချက် အမျိုးမျိုးရှိကြပါလိမ့်မယ်။  ခုခေတ်မှာ လူတော်တော်များများ (ဟမ်ဘာဂါ)ဖြစ်နေတာမို့လည်း နားလည်ပေးနိုင်ပါတယ်။ ကိုယ့် ဆန္ဒချည်းပဲရှေ့တန်းတင်လို့မရ တာကို ကျွန်တော်သဘောပေါက် ပါတယ်။ ဒါပေမဲ့ စဉ်းစားစရာရှိ တာက လူငယ်ဆိုတာ တိုင်းပြည် ရဲ့ အနာဂတ်အရင်းအမြစ်တွေပါ။ လူငယ်တွေကို ပညာသင်ပေး တာ။  လိမ္မာယဉ်ကျေးအောင် ပဲ့ပြင်ထိန်းကျောင်းလမ်းညွှန်ပေး တာတွေဟာ တိုင်းပြည်ရဲ့အနာ ဂတ်အတွက် ရင်းနှီးမြှုပ်နှံတာပဲ ဖြစ်ပါတယ်။ အဲဒီလိုအဖိုးတန် အနာဂတ်ရတနာတွေဟာ သရုပ် ပျက်သင်္ကြန်ကြောင့်၊ ကိုယ့်ယဉ် ကျေးမှုမဟုတ်တဲ့ (ဗယ်လင်တိုင်း ဒေး)ဆိုတာတွေကြောင့်။

 ဆိုပါစို့။ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့  ဖြေနိုင် လို့ ဆေးဝင်မှာသေချာပါလျက် သင်္ကြန်မှာတစ်ယောက်ယောက် နဲ့လွန်ကျူးမိပြီး ခိုးရာလိုက်ရလို့ ဆရာဝန်မဖြစ်တော့ရင်၊ အင်ဂျင် နီယာမဖြစ်တော့ရင်၊ စစ်တက္က သိုလ်မတက်ဖြစ်တော့ရင်၊ ဘယ် သူတွေနစ်နာပါသလဲ။ ကျွန်တော် တို့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ နိုင်ငံကြီးပဲနစ်နာပါတယ်။

  ပြီးခဲ့တဲ့ (ဗယ်လင်တိုင်းဒေး) တုန်းက ကိုးတန်းကျောင်းသူလေး တစ်ယောက်ကို ချစ်သူက တည်း ခိုခန်းခေါ်အိပ်တာ  အမေကသိ သွားလို့  အလိုမတူကြံစည်မှုနဲ့ တိုင်တာဖတ်လိုက်ရတယ်။ အဲဒီ ကလေးတွေကို ဘာလို့အဲဒီနေ့မှာမှ အဲဒီလိုလုပ်ရသလဲ သွားမေးကြည့်ရင် သူများစုံတွဲတွေလည်း (ဗီဒေး)မှာ ဒီလိုသွားနေတာတွေ့လို့ဆိုပြီး ဖြေလိမ့်မယ်ထင်တယ်။ဒါဟာ အတုမြင်အတတ်သင် ကိစ္စပါ။ နောက်ဆက်တွဲအဖြစ် အဲဒီကလေးမ ကျောင်းဆက်တက်ဖြစ်ရဲ့လား။ ဆယ်တန်းဖြေဖြစ်ရဲ့လား၊ လိုင်းကောင်းကောင်းရရဲ့ လား၊ ကိုယ့်နှမ၊ ကိုယ့်သမီးလေးအဖြစ် ဆက်တွေးကြည့်ရင်တော် တော့ကို ရင်မောစရာပါ။

 အခုလည်းသင်္ကြန်မှာ အရက်တွေချောင်းစီးပြီး နားနေခန်းတွေနဲ့ပျော်ပျော်ကြီး ပလတ်တွေကျွတ်ကြ၊  ဘရိတ်တွေပေါက် ကြမယ့်ကိစ္စကို အုတ်တစ်ချပ်သဲ တစ်ပွင့်တည့်မတ်ထိန်းကျောင်း ပေးနိုင်မယ့်သူတွေက လူငယ် တွေအတွက် တစ်ခုခုစဉ်းစားပေး သင့်ပါပြီ။ ဒီလိုမှမဟုတ်ဘဲ တို့နဲ့ မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲနေကြ မယ်ဆိုရင်တော့ ကျွန်တော်အပါ အဝင်မျက်နှာလွှဲသူအားလုံးဟာ အနာဂတ်သမိုင်းစာမျက်နှာမှာ တရားခံတွေမဟုတ်တောင်၊ အ လိုတူအလိုပါတွေအဖြစ် စာရင်း ပေါက်ကြရပါလိမ့်မယ်။

 သင်ဟာ ပညာတွေဘယ် လောက်ပဲသင်ယူခဲ့ပါစေ။ နိုင်ငံ ခြားကဘွဲ့လက်မှတ်နဲ့ ဆုတံဆိပ် တွေဘယ်လောက်ပဲ စုဆောင်းမိ ပါစေ။ စစ်ရေးအမြင်တွေဘယ် လောက်ရှိပြီး မျိုးချစ်စိတ်တွေ ဘယ်လောက်ပဲပြင်းထန်နေပါ စေ၊ တိုင်းပြည်ရဲ့အနာဂတ်သယံ ဇာတတွေကို ကာကွယ်စောင့် ရှောက်မှုနဲ့ မှန်ကန်တဲ့လမ်းညွှန်မှု မပေးနိုင်ရင် အလကားပါပဲ။

အကျယ်အဝန်း ဧရိယာစတု ရန်း ၆၇၆,၅၈၀ စ/ကီလိုမီတာရှိ တဲ့ မြန်မာပြည်ထဲမှာ သင်ရရှိပိုင် ဆိုင်မယ့်နေရာက ဘယ်လောက် များ ကျယ်ဝန်းမှာပါလဲ။ ကျွန်း သစ်ရေနံနဲ့ တွင်းထွက်ရတနာများ စွာရှိတဲ့ တိုင်းပြည်ထဲမှာ သင်ရှာ ဖွေစုဆောင်းနိုင်မယ့် စည်းစိမ်ဥစ္စာက ဘယ်လောက်များပြားနိုင်မှာပါလဲ။ ပြီးတော့ သင်ဘယ်လောက်ကြာကြာနေချင်ဦးမှာမို့လို့ပါလဲ။

သင့်တစ်သက်ပါပဲ။ တစ် ဘဝစာထက် ဘယ်သူမှပိုကြာ ကြာနေချင်လို့မရနိုင်ပါဘူး။

ဒါပေမဲ့ သင့်ရဲ့မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကတော့ နောင်နှစ်ရာပေါင်းများစွာ ထောင် ပေါင်းများစွာ တည်တံ့ကျန်ရစ်ခဲ့ ကြမှာပါ။ အဲဒီတော့ သင်နဲ့ရော ကျွန်တော်နဲ့ပါသက်ဆိုင်တဲ့ မြန်မာနိုင်ငံကြီးကို ဘယ်လိုပုံစံနဲ့ ကျန်ရစ်ခဲ့စေချင်ပါသလဲ။ နောင် အနှစ်နှစ်ဆယ်၊ အနှစ်ငါးဆယ် ကြာတဲ့အခါ မြန်မာ့သင်္ကြန်ဟာ ဘယ်လိုသင်္ကြန်မျိုးဖြစ်သင့်တယ် လို့ သင်ထင်မြင်ပါသလဲ။ ဘဝနဲ့ အနာဂတ်ဆိုတာ မိမိတို့ထင်မြင် တဲ့အတိုင်း ဖြစ်လာတတ်တာမို့ ဒီကိစ္စမှာ သင်ရော ကျွန်တော်ပါ တာဝန်ရှိတယ်လို့ပြောရင် သင်လက်ခံပါ။ မြန်မာ့သင်္ကြန်နဲ့ မြန်မာ့အနာဂတ်အတွက် ပါဝင်ပူးပေါင်းဖို့ သင့်ကိုမေတ္တာရပ်ခံပါ ရစေ။

7day daily