တယ်လီနော၏ ဒုတိယမြောက် အချက်အလက်စင်တာ ဧပြီလကုန် မန္တလေးတွင် ဖွင့်မည်

ပို့စ်တင်ချိန် - 4/21/2014 02:12:00 PM


ရန်ကုန်၊ ဧပြီ ၂၀

တယ်လီနောက မြန်မာပြည်အထက်ပိုင်း ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမည့် အချက်အလက်စင်တာ (Core Network Data Center) ကို မန္တလေးမြို့တော်တွင် ယခုလကုန် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း တယ်လီနော်မြန်မာမှ နည်းပညာဆိုင်ရာ အရာရှိချုပ် Prathet Tankuranun က The Voice သို့ ပြောကြားသည်။

“မန္တလေးက Data Center ကို ဆက်သွယ်ရေး နည်းပညာပိုင်းကို Ericsson က တာဝန်ယူ ဆောင်ရွက်နေတာပါ။ ဒီ Data Center ကို ဒီလကုန်လောက်မှ မိတ်ဆက်နိုင်မှာပါ။ အထက်မြန်မာပြည်အတွက် ရည်ရွယ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှ မိုဘိုင်းလ်ဖြင့် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် အသုံးပြုမှုများကို စီမံခန့်ခွဲမည့် အချက်အလက် စင်တာကိုမူ ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး Huawei ကုမ္ပဏီက ဆက်သွယ်ရေး နည်းပညာပိုင်းကို တာဝန်ယူ ဆောင်ရွက်နေကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Petter Furberg က ဆိုသည်။

အဆိုပါ Data Center နှစ်ခုကို မြန်မာတစ်နိုင်ငံလုံးတွင် တည်ဆောက်နေသည့် Base Station များ၊ ဆက်သွယ်ရေး တာဝါတိုင်များနှင့် ချိတ်ဆက်ကာ တယ်လီနော၏ မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်သည်။

ယင်းမိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် 2G၊ 3G နှင့် 4G စနစ် မိုဘိုင်းလ် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ကာ SIM ကတ် အပါအဝင် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ယခုနှစ် စက်တင်ဘာလတွင် စတင် ပေးအပ်သွားမည်ဟု တယ်လီနော မြန်မာကုမ္ပဏီက ပြောကြားထားသည်။

“လိုင်စင်ရပြီး နှစ်လလောက်နဲ့ Core Network တွေ စမိတ်ဆက်နိုင်တာ တော်တော်မြန်မြန် လုပ်နိုင်တယ် ပြောရမယ်။ နိုင်ငံတကာမှာတောင် အဲဒီလို လုပ်ဖို့မလွယ်ဘူး။ Ooredoo က နှစ်လလောက် စောပြီး SIM ကတ်တွေ ရောင်းမှာဆိုတော့ သူတို့လည်း အရှိန်မြှင့်ပြီး လိုက်နေတဲ့ သဘောပဲ။ စက်တင်ဘာ မတိုင်မီ သူတို့လည်း SIM ကတ်တွေ စရောင်းနိုင်ခြေ ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းတို့နှင့်အပြိုင် အော်ရီးဒူးကလည်း Huawei နည်းပညာဖြင့် တည်ဆောက်ထားသည့် မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်စမ်းသပ်မှုကို မတ်လဆန်းပိုင်းက ပြုလုပ်ခဲ့ပြီး ဇူလိုင်လအတွင်း SIM Card များ စတင် အသုံးပြုနိုင်မည်ဟု ကြေညာထားသည်။

Core Network Data Center သည် ဆက်သွယ်ရေးကွန်ရက်၏ အဓိက ကျောရိုးဖြစ်ပြီး မိုဘိုင်းလ်ဖုန်း ခေါ်ဆိုမှုများနှင့် အချက်အလက် သုံးစွဲမှုများကို ကြားခံ ချိတ်ဆက်ပေးခြင်း ဖြစ်သည်။

The Voice Weekly