မန်ယူရဲ့ နာမည်ကျော်လူငယ်ကစားသမား ဂျာနူဇာ လက်ရွေးစင်အသင်းအဖြစ် နာမည်ကြီး အင်္ဂလန်ကို မရွေးဘဲ ဘယ်လ်ဂျီယံ ကိုသာရွေး

ပို့စ်တင်ချိန် - 4/25/2014 12:06:00 PM


မန်ယူအသင်းကွင်းလယ်တောင်ပံကစားသမား ဂျာနူဇာသည် ကိုယ်စားပြုနိုင်ငံလက်ရွေးစင်အသင်းအဖြစ် ဘယ်လ်ဂျီယံကိုရွေးချယ်လိုက်ပြီ ဖြစ်သည်။ ယင်းအား ဘယ်လ်ဂျီယံလက်ရွေးစင်နည်းပြ ၀ီလ်မို့စ်က တွစ်တာမှ တစ်ဆင့်ပြောကြားခဲ့ခြင်းဖြစ်ပြီး ကစားသမား၏ရွေးချယ်မှုအတွက်ဝမ်းမြောက်မိကြောင်း ဖွင့်ဟခဲ့သည်။ ဂျာနူဇာ သည် ဘယ်လ်ဂျီယံမြို့တော် ဘရုဆဲလ်တွင် ကိုဆိုဗန်နှင့်အယ်လ်ဘေးနီးယန်း မိဘနှစ်ပါးမှမွေးဖွားခဲ့သူဖြစ်ပြီး ၂၀၁၁ တွင်မန်ယူသို့ရောက်ရှိလာခဲ့သည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသောဂျာနူဇာမှာ ကိုဆိုဗို၊ အယ်လ်ဘေးနီးယား၊ တူရကီ၊ ဆားဘီးယား နှင့် အင်္ဂလန်အသင်းတို့ကို ရွေးချယ်ခွင့်ရှိနေသူဖြစ်ပြီး လက်ရှိတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းလူစာရင်း ၌ပါဝင်လာဖွယ်ရှိနေသည်။ ဘယ်လ်ဂျီယံသည် မေ ၁၃ တွင် ကစားသမား ၃၀ ဦးစားရင်းကြေညာမည်ဖြစ်သည်။ ဂျာနူဇာသည် နိုင်ငံတကာပွဲတစ်ပွဲမှမကစားဖူးဘဲ မတ်လကမူ ခြေစမ်းပွဲကစားမည့် ကိုဆိုဗိုအသင်းအတွက် ဖိတ်ခေါ်ခံခဲ့ရသည်။ ၎င်းအနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းကိုရွေးချယ်မည်ဆိုပါက ၂၀၁၈ ခုနှစ်မှသာ ကိုယ်စားပြုကစားခွင့်ရမည်ဖြစ်သည်။ ဖီဖာစည်းမျဉ်းများအရ ကစားသမားအနေဖြင့် အသက် ၁၈ နှစ်ပြည့်ပြီး နောက်နေထိုင်သည့်နိုင်ငံတွင် အနည်းဆုံး ၅ နှစ်ကြာမြင့်လာမှသာ လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့် ရရှိမည်ဖြစ်ခြင်းကြောင့် ဂျာနူဇက်မှာ အင်္ဂလန်ကိုရွေးပါက နောက်ထပ် ၄ နှစ်ကြာမှသာ လက်ရွေးစင်ဖြစ်ခွင့် ရမည်ဖြစ်သည်။

ဂျာနူဇာသည်မန်ယူအသင်းတွင် ပွဲထွက်ခွင့်စတင်ရရှိစဉ်က ခြေစွမ်းပြဂိုးသွင်းယူနိုင်မှုများကြောင့် လက်ရွေးစင်အသင်းများက ရွေးချယ်ရန်စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံနည်းပြ ၀ီလ်မို့စ်က ၎င်းအား ရွေးချယ်လိုဟု အတိအလင်းပြောကြားခဲ့သလို အင်္ဂလန်နည်းပြကြီး ရွိုင်းဟော့ဆန်ကလည်း ပါရမီရှင်ကစား သမားအစစ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကာ လက်ရွေးစင်အတွက်စောင့်ကြည့်နေကြောင်း ဖွင့်ဟခဲ့သည်။

ရည်ညွှန်း - ဘီဘီစီ
Mizzima Burmese