သမီးလေးရွာသားတွေကို ထိုင်း မြန်မာနယ်စပ် ကျောက်ခက်ရွာအရောက် သယ်ဆောင်လာခဲ့တဲ့ ဒီကေဘီအေ ဗိုလ်ဆန်းအောင် ကို ဧပြီလ ၅ ရက်နေ့က တွေ့ဆုံ မေးမြန်းချက်

ပို့စ်တင်ချိန် - 4/08/2014 08:17:00 AM


ဧပြီလ ၂ ရက်နေ့က နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသားတွေကို ဒီကေဘီအေ တပ်ဖွဲ့မှ ထိုင်းမြန်မာနယ်စပ်မှာ နေရာထိုင်ခင်းပေးဖို့ သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ အိမ်ထောင်စု ၈၂ စု လူဦးရေ ၂၀၁ ဦးပါတဲ့ ရွာသားတွေကို သယ်ဆောင်လာရာ ခရီးစဉ်တလျောက် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေကို ဖြတ်သန်းလာခဲ့ရာမှာ ကြုံတွေခဲ့ရတဲ့ အခြေအနေတွေကို ရွာသားတွေကိုသယ်ဆောင်ရာမှာ ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင် ကို မေးမြန်ထားတာ ဖြစ်ပါတယ်။
ရွာသားတွေကို သယ်ဆောင်တဲ့အခါမှာ ဘယ်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ …
သယ်ဆောင်ပြီး ဖြတ်လာရတဲ့ အခက်အခဲတွေဟာဆိုရင် ကျနာ့် ဘဝ ဖြတ်သန်းမှုအရ စစ်မြေပြင်မှာ ရန်သူ လေးဘက်လေတန် ပိတ်ဆို့တာတောင်မှ ဒီလောက်ထိ မပင်ပန်းဘူး၊ ဒီ သမီးလေးရွာသူ ရွာသားနဲ့ ဒီသုံးရက် လေးရက်ခရီးစဉ်ဟာ ကျနော်အတွက် အရမ်းပင်ပန်းတယ်၊ လူလည်းပင်ပန်း စိတ်လဲပင်ပန်း၊ နောက်ပြီး တဖက်ကလည်း အားရှိတယ်၊ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ယက်အသီးသီး ပါတီအသီးသီး ဒေသခံ ပြည်သူတွေ ပေါင်းစည်းပြီးလုပ်တဲ့အခါကြတော့ ကျနော့်အတွက် အရမ်းအားရှိတယ်၊ ဒီိကိစ္စဟာ ကျနော်တို့ တဖွဲ့တည်းပဲ နယ်စပ်အရောက်သယ်ရမယ် ဆိုလို့ရှိရင် ဘယ်လိုမှ မရောက်နိုင်ဘူး၊ ရောက်ရှိတဲ့ နေရာမှာ ပြည်သူတွေက ပံ့ပိုးကူညီတဲ့အတွက် အောင်မြင်တာပါ၊ လူထုသာမကူညီဘူးဆိုရင် နယ်စပ်ကိုရောက်ဖို့ အကြောင်းမရှိဘူး။
လမ်းခရီးတလျောက်မှာ အာဏာပိုင်တွေရဲ့ ဘယ်လို ပံ့ပိုးကူညီတာတွေ ရှိခဲ့လဲ …
လက်ရှိ အာဏာပိုင်ရဲ့အကူအညီကတော့ ဒုံသမိတံတား ကရင်ပြည်နယ် မွန်ပြည်နယ်အစပ်မှာ ကရင်ပြည်နယ်အစိုးရက တနေကုန် တားဆီးထားတာကို ခံရတယ်။ ဘယ်လိုမှ ပြောလို့မရဘူး၊ ဆရာတော်တပါးကလည်း ကားနဲ့မပေးသွားဘူးဆိုလို့ရှိရင် လမ်းလျောက်မယ်၊ အစ်မကြီး နော်အုံးလှ ဆိုလို့ရှိရင် မပေးသွားရင် ကားတွေပေးပြန်လိုက်၊ ပစ္စည်းတွေဆွဲချ ဆိုပြီး ချလိုက်တယ်၊ မိုးကလည်းချုပ်လာတယ်၊ ရှေ့ဆက်တိုးဖို့က တိုးမရဘူး၊ အနောက်ပေးပြန်တယ်၊ သမီးလေးရွာသားတွေကလည်း ပြန်လှည့်ဖို့က လုံးဝလက်မခံဘူး၊ ပေးပြန်မယ်ဆိုရင် သူတို့ကို ဒီမှာပဲထားခဲ့တဲ့၊ ထားခဲ့ဖို့ကလည်းမဖြစ်ဘူးဗျ၊ သူတို့က ဒီနေရာမှာပဲ ဆန္ဒပြမယ်၊ ကျနော့်အမြင်က ဒီလူတွေဟာ ဒီနေရာမှာ ဆန္ဒပြလို့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်၊ သူတို့မှာ ကလေးငယ်လေးတွေပါတယ်၊ လေဖြတ်ထားတဲ့လူတွေပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေပါတယ်၊ ဖျားနာတဲ့လူတွေလဲပါတယ်၊ သူတို့ ဒီနေရာမှာ ဆန္ဒပြမယ်ဆို ဖြစ်လာမယ့် အခြေအနေက စိုးရိမ်ရတယ်၊ အဲဒါနဲ့သူတို့ကို ငဲ့ပြီးစောင့်တယ်၊ အချိန်တွေကုန်လာတယ် ထမင်းတွေလည်း မစားရသေးဘူး၊ အဲဒါနဲ့ ကျနော်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ဘုရားဖူးမယ်ဆိုပြီးတော့ တင်ပြတယ်၊ ဒီလူတွေက ရောက်တုန်းရောက်ခိုက် တနေရာရာမှာ နားမယ်ပေါ့၊ အနီးအနားက ကျိုက္ခမီ ဘုရားဖူးမယ်ပြောတယ်၊ ဘုရားဖူးမယ်ဆိုသွားလို့ရတယ်၊ လိုအပ်တဲ့အကူအညီပေးမယ်ဆိုပြီးတော့၊ ဘားအံအဖြောင့်လမ်းကပဲ သွားခိုင်းတယ် ဘားအံကို မဝင်ခိုင်းဘူး၊ အဲဒါနဲ့ ဘားအံအဖြောင့်လမ်းကနေ ဇာသပြင်တံတားမှာ ကျနော်တို့နဲ့ပါလာတဲ့ ၁၂ ဘီးကားပေးကူးခွင့်ပြုတယ်။ နောက်ပြီးတော့ သမီးလေးရွာသားတွေ အတွက် ဘုရားဖူးဖို့ အလှူငွေဆိုပြီး ကရင်ပြည်နယ်ဝန်ကြီးက ငွေငါးသိန်းလှူ တယ်ဗျ။
ခရီးစဉ်မှာ လူအင်အား ဘယ်နှဦးလောက် လိုက်ပါလာခဲ့ပါသလဲ
သမီးလေးရွာသား ၂၀၀ ကျော်ပါလာတယ်။ လိုက်ပို့တဲ့ အဖွဲ့အစည်းတွေ သတင်းထောက်တွေကလည်း နှစ်ဆယ် သုံးဆယ်လောက်ပါတယ်။ ကျနော်တို့ ရဲဘော်တွေလည်းပါတယ်။
လိုက်ပါလာတဲ့ သမီးလေးရွာသားတွေအတွက် ဘယ်လိုအစီအမံတွေများ ပြင်ဆင်ထားလဲ …
သမီးလေးရွာသားတွေကို ကျနော်တို့ နဂိုပေးထားတဲ့ ဂတိအတိုင်းပေါ့၊ ကျောက်ခက်ရွာမှာ နေရာချထားပေးမယ်၊ ကျနော်မှာ ဘယ်ပရော့ဂျက်မှ မရှိဘူး၊ ဘယ်ခရိုနီဆီမှလည်း ကျနော်တို့ အသနာမခံဘူး၊ ကိုယ့်မှာရှိတဲ့ ဒေသခံပြည်သူတွေနဲ့ သူတို့ကို ရပ်တည်သွားနိုင်အောင် စောင့်ရှောက်ပေးသွားမယ်၊ ဒီလူတွေ ထမင်းမငတ်အောင်တော့ ကျနော် အပြည့်အဝ အာမခံတယ်၊ သူတို့နေမယ့် အဆောက်အဦအတွက်ကတော့ အားလုံးပါဝင်ပြီး တလုံးချင်း အလည်းကျ ဝိုင်းဝန်းဆောက်ကြမယ်၊ လိုအပ်တဲ့ သစ်တို့ ဝါးတို့ကို ကျနော်တို့က သယ်ပို့ပေးမယ်၊ အခု ကျနော်တို့ အမိုးအတွက် ဖတ်သုံးသောင်းကြိုမှာထားတယ်၊ လွယ်ကူတဲ့နေရာမှာ သစ်ဝါးခုတ်ပြီး သယ်ဖို့ကို ကျနော်တို့ တာဝန်ယူပေးမယ်၊ လောလောဆယ် မြေနေရာ ပေ ၄၀-ပေ ၆၀ အကွက် ၈၀ ရိုက်ထားတယ်။
သမီးလေးရွာကိစ္စနဲ့ ပတ်သက်ပြီး ဒီကေဘီအေ အဖွဲ့က ဗိုလ်မှူးကြီးဆန်းအောင်ဟာ အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ်ထဲမှာ မပါဝင်တဲ့ ကိစ္စတွေ ဆောင်ရွက်နေအတွက် အပြစ်ရှိတယ်ဆိုပြီး ကရင်ပြည်နယ်အစိုးရက ထုတ်ပြန်ပေးပို့ထားတဲ့ စာတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ
မတရားတဲ့ဥပဒေ ၊ ဒီမိုကစီမကျဘဲ ရေးထားတဲ့ ဥပဒေဆိုလို့ရှိရင် ကျနော်မှာ အပြစ်ရှိတယ်လို့ သူတို့ယူဆကြမှာပေါ့။ ဒီမိုကရေစီကျကျရေးဆွဲထားတဲ့ စစ်မှန်တဲ့ဥပဒေ နဲ့ ကြည့်ရင် ကျနော် လုပ်ခဲ့တဲ့ ဒီလုပ်ရပ်ဟာ အပြစ်လို့မြင်စရာ အကြောင်းမရှိဘူး၊ ကျနော့်မှာ အပြစ်ရှိမယ်ဆိုရင် နိုင်ငံတကာရဲ့ ခုံရုံးမှာ စစ်ဆေးမေးမြန်နိုင်တယ်၊ အပြစ်ရှိတယ်ဆိုရင် ထောင်ထဲထဲ့လိုက်ပါ ရတယ်။ ဒီရွာသားတွေကို ကယ်တင်ဖို့ အသက်နဲ့လဲရမယ်ဆိုရင်လည်း ရတယ်၊ ဒါပေမဲ့ လက်တလုံးခြားလုပ်ထားတဲ့ ၂၀၀၈ ဥပဒေအမြင်မျိုးနဲ့ သမီးလေးရွာသားတွေကို ကူညီတဲ့ကိစ္စကို အပြစ်မြင်တာကိုတော့ လက်မခံနိုင်ဘူး။
လို့ ဖြေကြားသွားပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက စစ်တပ်ပိုင် နယ်မြေဟုဆိုကာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းမတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီ စတဲ့ ရွာပေါင်း ၆ ရွာ ဖျက်စီးခံခဲ့ရပြီး မြေမဲ့ ယာမဲ့ ဘဝကို ရောက်ခဲ့ရသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီးလ ၅ ရက်နေ့က သမီးလေးရွာသားတွေက ထိုင်းမြန်မာနယ်စပ် ကျောက်ခက်ရွာကို ရောက်ရှိလာကြပြီဖြစ်ပြီး၊ စားသောက်နေထိုင်ရေးအတွက် ကာလတခုထိ ဒီကေဘီအေ အဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မေးမြန်သူ .. Y a m o u n n a r
Photo by Y a m o u n n a r
နေ့သစ်