ရာသီသိမ်း ကာလတွင် အသင်းတိုင်း ခြေချော်လက်ချော် ဖြစ်နိုင်ဆဲဟု ပယ်လီဂရီနီသုံးသပ်

ပို့စ်တင်ချိန် - 4/19/2014 01:19:00 PM


ပရီးမီးယားလိဂ် ရာသီသိမ်း ကာလတွင် ခြေချော်လက်ချော် အပြောင်းအလဲများကို မိမိ မျှော်လင့်ထားဆဲဟု မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

မန်စီးတီးသည် လီဗာပူးလ်ကို အရေးနိမ့်ပြီး ဆန်းဒါးလန်းနှင့်ပွဲတွင် ဆက်တိုက် သရေကျခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုသည် လီဗာပူးလ်အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာခဲ့သည်။ လက်ရှိတွင် မန်စီးတီးသည် လီဗာပူးလ်ထက် တစ်ပွဲလျော့ ကစားပြီး (၆)မှတ်လျော့ အနေအထားဖြင့် ရပ်တည်လျှက်ရှိသည်။ ချန်ပီယံဆုကို ၎င်းတို့နှစ်သင်းအပြင် ချယ်လ်ဆီးကလည်း စိန်ခေါ်နေရာ အန်းဖီးလ်တွင် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ရင်ဆိုင်မည့် ပွဲစဉ်ကလည်း အရေးပါလျှက်ရှိသည်။

ချီလီသား မန်နေဂျာကြီးကမူ ရာသီသိမ်း ကာလများတွင် အသင်းကြီးများ ခြေချော်တတ်လေ့ရှိရာ ယင်းအခြေအနေမျိုး ဖြစ်လာနိုင်ဆဲဟု ယုံကြည်နေသည်။ “ဆန်းဒါးလန်းကို သရေကျခဲ့တာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့က ပွဲတိုင်း အနိုင်ရချင်နေတာ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ပွဲမစခင် ကတည်းက ကျွန်တော် ပြောဖူးပါတယ်။ တန်းဆင်းဇုန်နားက အသင်းတွေကို ရင်ဆိုင်ရတာ အင်မတန် ခက်ခဲပါတယ်။ သူတို့ဟာ ပွဲအပေါ် (၁၀၀)ရာခိုင်နှုန်း နှစ်မြှုပ်ကစားလေ့ ရှိတယ်လေ။ ဆန်းဒါးလန်းက အဲဒီနေ့တုန်းက သိပ်ကောင်းပါတယ်”ဟု ပယ်လီဂရီနီက မှတ်ချက်ပြုခဲ့သည်။

၎င်းက “ကျွန်တော် အသေအချာ ယုံကြည်ထားတာက အသင်းတိုင်း အမှတ်လျော့နိုင်ဆဲ ဆိုတာပါပဲ။ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ဟာ နောက်ဆုံးပွဲစဉ်မှာတောင် အမှတ်ဆုံးရှုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က (၁၅)မှတ် လက်ကျန်အားလုံး အရယူနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရနိုင်သမျှ အမှတ်အားလုံး စုဆောင်းယူဖို့ ကြိုးစားရလိမ့်မယ်။ ရာသီသိမ်းချိန်မှာမှ ဘယ်အသင်း ဖလားရမယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့ ရာသီသစ်အတွက် ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ ဒီရာသီကို ဘယ်လိုအပြီးသတ်မလဲ ဆိုတာကို အရင်လုပ်ဆောင်ရလိမ့်မယ်။ ရာသီကို အကောင်းဆုံး သိမ်းနိုင်ဖို့ဆိုတာ ကစားသမားတွေရော၊ မန်နေဂျာရဲ့ ခေါင်းထဲမှာပါ ရှိနေရမယ့် အရာတစ်ခုပါပဲ”ဟုလည်း ပြောဆိုသွားခဲ့သည်။

Soccer Myanmar