ကင်မ်ဂျုံအန်ဆံပင်ထားကြမလား

ပို့စ်တင်ချိန် - 4/04/2014 08:36:00 AM


(က)

Three Idiot အမည်ရှိ ရုပ်ရှင် ဇာတ်ကား၌နည်းပညာတက္ကသိုလ်တက်နေသော ကျောင်းသားများကို  ပါမောက္ခဆရာကြီးက စက်ကိရိယာနှင့် ပတ်သက်၍ Whatis machine ဟု မေးသော ဇာတ်ဝင်ခန်းတစ်ခုပါရှိပါသည်။  စာကျက်သန်သော ကျောင်းသားတစ်ဦး Text Book ထဲတွင်ပါရှိသည့်အတိုင်း၏၊ သည်၊၍ မရွေးရွတ်ပြနိုင်ပြီး တီထွင်ဉာဏ်ရှိသော အသစ်ကိုလိုလားသော ကျောင်းသားတစ်ဦးကမူ သူ၏ဘောင်းဘီဇစ်ကိုအထက် အောက်ဆွဲပြကာ This is machine  ဟု ဖြေသွားခဲ့ပါသည်။

အနောက်တိုင်းယဉ်ကျေးမှု နှင့် သဟဇာတမဖြစ်သောသူများ မရှုဆိတ်မဖြစ်ပါနှင့်လေ။ ဖော်ပြပါ ရုပ်ရှင်ဇာတ်ဝင်ခန်းမှာ အရှေ့တိုင်း  ဘောလိဝုဒ်မှလာသော အိန္ဒိယဇာတ်ကားသာ ဖြစ်ပါ၏။

စာဖတ်သူများ ခဏလောက် စဉ်းစားကြည့်ကြပါ။ မြန်မာနိုင်ငံရှိ  နည်းပညာတက္ကသိုလ်တွင် ပညာဆည်းပူးနေသော ကျောင်းသားတစ်ဦးက အထက်ပါကျောင်းသားကဲ့သို့ ဘောင်းဘီဇစ်ကို ဆွဲပြကာ This is machine ဟု ဖြေပါက မည်ကဲ့သို့ ဖြစ်သွားနိုင်ပါသနည်း။ အာစရိယကို မရိုမသေမဖွယ်မရာ လုပ်ပြသည်ဆိုသည့် ပုဒ်မကြီးကြီးဖြင့်တပ်ကာ အနည်းဆုံးတစ်နှစ်လောက်တော့ ကျောင်းထုတ်ခံရနိုင်ပါသည်။

၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ကောလိပ်များ ပြန်ဖွင့်ချိန်တွင်
ကျောင်းသားတစ်ဦး ကျောင်းထုတ်ခံခဲ့ရပုံကို  ပြောပြချင်ပါသည်။ တစ်နေ့တွင် ထိုကျောင်းသားသည် အိမ်မှ ကျောင်းသို့အလာလမ်းခုလတ်၌ နိုင်ငံရေးပါတီ တစ်ခုမှ ဝေငှသော စာရွက်စာတမ်းများကို ယူလာပြီး ကျောင်းတွင် သူငယ်ချင်းများအားပေး၍ ဖတ်စေသဖြင့် နိုင်ငံရေးမကင်းရှင်း ဟုဆိုကာ ကျောင်းထုတ်ခံရလိုက် ပါသည်။ အကယ်၍ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီခေတ်က သာ ထိုကဲ့သို့ နိုင်ငံရေးမကင်းရှင်း၍ ကျောင်းထုတ်ခံရမည်ဆိုပါက တစ်နိုင်ငံလုံးရှိ ကျောင်းသားအား လုံး ကျောင်းထုတ်ခံရတော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် ထိုအချိန်က တက္ကသိုလ်များ တွင် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သက်ဆိုးရှည်စေမည့် P.Sဟု ခေါ်ကြသည့် နိုင်ငံရေး
သိပံ္ပဘာသာရပ်ကြီးအား ပြဋ္ဌာန်းထား၍ ဖြစ်ပါ၏။

ခေတ်၏ပြောင်းလဲမှု နောက်ကွယ်တွင် ထိုကျောင်းသားလေးမှာစနစ်၏သားကောင်ဖြစ်ခဲ့ရပါလေသည်။

(ခ)

ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း၏ စကားတစ်ခွန်းကို ဖတ်ရှုဖူးကြပါလိမ့်မည်။ ကျောင်းရှိ သောက်ရေအိုးကို ပစ်ခွဲသူကျောင်းသားအား အရေးယူရန် တက္ကသိုလ်ကောင်စီ တွင် ဆွေးနွေးရာ၌ သောက်ရေ အိုးခွဲသော ကျောင်းသားတိုင်းကို သာ ကျောင်းထုတ်ပစ်မည်ဆိုပါ က သန်းထွန်းဆိုသော သူသည် လည်း ပါမောက္ခဖြစ်လာနိုင်စရာ အကြောင်းမရှိဟူသော အကြံပြု ချက်။

တက္ကသိုလ်ကျောင်းသားများသည် အသက်(၁၇၊ ၁၈)နှစ် အရွယ်တွင် မိဘအုပ်ထိန်းမှုမပါဘဲလွတ်လပ်စွာဖြင့် တက္ကသိုလ် ပရ၀ဏ်အတွင်း ၎င်းတို့ဘာသာ နေထိုင်သင်ကြားနိုင်ရန် ရင့်ကျက်သင့်ပြီဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် တက္ကသိုလ်ကောလိပ်သို့တက်ရောက်သည်ဖြစ်စေကာမူကျောင်းသားများ၏ လေ့လာသင်ယူမှုနှင့် အသိပညာကို ချဲ့ ထွင်ပေးနိုင်ရန် ကျောင်းသားအားလုံး၏ သင်ရိုးတွင် Liberal Arts ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးသင့်ကြောင်း m-Development Corporation ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်မြင့်ဦးက
ဆိုပါသည်။

ထိုသူ၏ Developing Mya-nmar Toward A Knowledge စာအုပ်တွင် ပညာရေးနှင့် လူ့စွမ်း အား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပတ်သက်၍ တက္ကသိုလ် ကောလိပ်များသည် လူငယ်များအတွက် ပညာသင်ကြားရန် သာ မက ၎င်းတို့၏ အသိပညာကို ချဲ့ ထွင်ပြီး ၎င်းတို့၏ဘ၀ကို ပြည့်ဝ အောင် လုပ်နိုင်သည့်နေရာလည်း ဖြစ်ပါကြောင်း၊လေးနှစ်တာ တက္ကသိုလ်ကျောင်းသားဘ၀သည် ဘ၀၏အစားထိုးမရနိုင်သော ပျော်ရွှင်ဖွယ်နေ့များ ဖြစ်သင့်ပါကြောင်း၊ပညာသင်ကြားခြင်းအပြင် လူထုတွေ့ဆုံပွဲများ၊ အားကစားပွဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုပွဲများတွင် ပါဝင်သင့်ပြီးလူ့ကျင့်ဝတ် ကိုယ်ကျင့်တရားပိုင်းတွင် ၎င်းတို့၏ အမြင်များကို ဝေငှသင့်ကြောင်း၊ အတန်းကြီးလာသည်နှင့်အမျှ တီထွင်ဖန်တီးမှုရှိပြီး နည်းပညာကျွမ်းကျင်မှုဖြင့် ပြဿနာများကို ဖြေရှင်းရာတွင်ကျိုးကြောင်း၊ ဆက်စပ်စဉ်းစားတတ်သည့် အရည်အသွေးရှိလာမည်ဖြစ်ကြောင်း သမိုင်းအစိုးရများ၏ အုပ်ချုပ်ပုံနှင့် နိုင်ငံရေးသိပ္ပံများမှ ဗဟုသုတများရရှိပြီး နောက် ကျောင်းသားများသည် တရား ဥပဒေကိုလေးစားလိုက်နာသည့် နိုင်ငံသားများ ဖြစ်လာမည်ဖြစ်ကြောင်း ရေးသားခဲ့ပါသည်။

အဆိုပါ စာရေးသူမှာ အနှစ် ၂၀ မျှ ပါမောက္ခအနေဖြင့် နိုင်ငံ တကာတွင် စာသင်ကြားခဲ့ပြီး ကုလသမဂ္ဂအရာရှိ အကြီးအကဲ အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တရုတ်နိုင်ငံ ဆင်းရဲ နွမ်းပါးချိန်တွင် ကူညီပေးခဲ့သူဖြစ်ပါသည်။ Developing Myan-mar စာအုပ်မှာလည်း အစိုးရအဖွဲ့ရုံးမှ မြန်မာဘာသာပြန်ဆိုပြီး အစိုးရအဖွဲ့အတွင်း ရုံးသုံးအနေဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

 ဤနေရာတွင် သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဒေါက် တာဦးမြင့်ပြောကြားသော ‘‘အကြံပေးဆိုတာ အကြံပေးရုံပဲရတာ။လုပ်တာ၊ မလုပ်တာက သူတို့အ ပိုင်း’’ဆိုသော စကားကိုသတိရမိပါသည်။

(ဂ)

ယခုရက်ပိုင်းအတွင်း  ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့်အမျိုးသားပညာရေး ဥပဒေမူကြမ်းကို  ပြန်လည်ပြင်ဆင်ရန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အပါအ၀င် အခြားသော အသင်း အဖွဲ့များ  ဆန္ဒပြကန့်ကွက်သည့် သတင်းကို   ဖတ်ရှုရပါသည်။ ဥပဒေမူကြမ်းသည် ပညာရေး ကဏ္ဍကို အစိုးရ၏ဗဟိုအုပ်ချုပ်မှု အောက်တွင်ထားရှိပြီး ကျောင်း သားနှင့် ဆရာများ၏ လွတ်လပ် ခွင့်၊ သုတေသနလွတ်လပ်ခွင့်များ ကို ထိန်းချုပ်ထားရုံသာမက တိုင်း ရင်းသားများ၏ ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်ကို ဆက်လက်ချုပ်ကိုင်ထားသည်ဟု ဆိုကြပါသည်။

   မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အစိုးရများ၏ ပညာရေးမူဝါဒ မျိုးစုံပြောင်းလဲခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ ကြောင်း အိမ်နီးနားချင်းတိုင်းပြည် များသို့ တက္ကသိုလ်ပညာသွား ရောက် သင်ကြားနေရသည်က သက်သေပြနေပါသည်။ ယခုတွင် ပဲ ပညာရေးစနစ်ပြောင်းမည်။ သင်ရိုးညွှန်းတမ်း လျှော့မည်။ ခြောက်နှစ်ပြည့်မှ ကျောင်းထားရ မည်ဆိုသော သတင်းမျိုးစုံ ထွက် နေ၍ ကျောင်းသားမိဘနှင့် ကလေးတွေမှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြပါသည်။

သည်ကြားထဲ မြောက်ကိုရီး ယားခေါင်းဆောင် အာဏာရှင် ကင်မ်ဂျုံအန်၏ဆံပင်ပုံစံ ညှပ်ကြရန် မြောက်ကိုရီးယားတက္ကသိုလ် ကျောင်းသားများအား ပြုံယမ်း အစိုးရက တိုက်တွန်းထားသည် ဆို၍လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါသေးသည်။ ဆံပင်ပုံစံနှင့် ဦးခေါင်းပုံတွေ မတူကွဲပြားကြ သည့်အတွက် မျက်နှာသွင်ပြင် နှင့် မလိုက်ဖက်နိုင်ကြောင်းတောင် မသိတဲ့ အစိုးရတွေပါကလားဟု တွေးမိပါသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များကိုလည်း အစိုးရ၏ ဗဟိုချုပ်ကိုင်မှုအောက်ဝန်ကြီး ဌာနများ၏ လက်ဝယ်တွင် ဆက်လက်ထားရှိပါက ပြုံယမ်းအစိုးရ က ထုတ်ပြန်သော လမ်းညွှန်ချက် မျိုး တက္ကသိုလ်ကျောင်းသားများ ထံသို့ ရောက်မလာဟုမည်သူက ပြောဆိုနိုင်ပါမည်နည်း။ စနစ်တစ်ခုမှ အခြားစနစ်တစ်ခု၊ မူဝါဒတစ်ခုမှ နောက်မူဝါဒတစ်ခုသို့ ကူးပြောင်းခြင်းသည် တိုင်းပြည်နှင့်  ပြည်သူ၊ ပြည်သားများ အကျိုးရှိရန်အတွက်သာ ဖြစ်သင့်ပါသည်။ ပြည်သူများနှင့် သင့်၊ မသင့်စမ်းသပ်ခြင်းမျိုး မဖြစ်သင့်ပါ။ ထိုသို့ မဟုတ်ပါက မြန်မာ့ပညာ ရေးသည်ဦးခေါင်းနှင့်ဆံပင် မလိုက်ဖက်သော အကျည်းတန် ပညာရေးစနစ်သာ ဖြစ်နေမည် ထင်ပါကြောင်း ။    ။

7day daily