အမြန်လမ်းတွင် မီးလောင်ခဲ့သည့် တောင်ပြာတန်းယာဉ်ကို စီးနင်းလိုက်ပါလာသည့် ခရီးသည် ကိုနေမင်းထွန်းနှင့် အင်တာဗျူး

ပို့စ်တင်ချိန် - 4/12/2014 10:56:00 PM


နန်းလွင်နှင်းပွင့်| စနေနေ့၊ ဧပြီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။             ။ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေသည့် တောင်ပြာတန်းယာဉ်လိုင်းနှင့် မတ်တူးအမျိုးအစား အိမ်စီးကားတို့ ဧပြီလ ၁၂ ရက် နံနက် ၂နာရီ ၁၀မိနစ်က ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၁၆ မိုင်တွင် တိုက်မိခဲ့သည်။ အိမ်ကားမှာ ခရီးသည်တင်ကားအောက်သို့ ရောက်သွားပြီး ကားနှစ်စီးလုံး မီးလောင်ကျွမ်းကာ ခရီးသည်တင်ကားမှ ခရီးသည် ၆ ဦး၊ အိမ်ကားမှ ၆ ဦး မီးလောင်ကျွမ်း သေဆုံးသွားခဲ့သည်။ ခရီးသည်တင်ကားမှ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တောင်ပြာတန်းကားပေါ်တွင် လိုက်ပါလာပြီး ကားမီးလောင်မှု ဖြစ်စဉ်မှ လွတ်မြောက်လာခဲ့သည့် ခရီးသည်တစ်ဦးဖြစ်သူ ကိုနေမင်းထွန်းကို မဇ္ဈိမက မေးမြန်းထားသည်မှ ကောက်နှုတ်ဖော်ပြထားသည်။ ကိုနေမင်းထွန်းသည် မိသားစုနှင့် သင်္ကြန်တွင်း ဘုရားဖူးရန်၊  တောင်ကြီးမှ ရန်ကုန်မြို့သို့ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။

ကားက ဘယ်လိုကနေ ဘယ်လို စဖြစ်တာလဲ။

ကျွန်တော်က အိပ်ငိုက်နေတာ၊  “ ဒုန်း”  ဆိုပြီး အသံကြားမှ နှိုးလာတော့ ကြည့်လိုက်တော့ ကားက မီးလောင်နေပြီ။ အဲ့တော့မှ ဘယ်ကထွက်ရမလဲ ကြည့်တော့ ကားရဲ့ဘယ်ဘက်က ဒရိုင်ဘာ ထိုင်တဲ့ဘက်က အပေါက်က ထွက်လို့ရမယ်ဆိုပြီး ပြေးဆင်းတာ။

 အစ်ကိုတို့က အရင်ဆုံး ထွက်လို့ ရတာလား။ ဘယ်လိုလဲ။ ကျန်တဲ့သူတွေကရော။

ကျွန်တော်တို့ မိသားစု ၄ယောက်က၊ ခုံနံပါတ် ၁၊၂၊ ၃၊ ၄ ကို ယူထားတာ၊ ကျန်တဲ့သူတွေကိုတော့ နောက်မှ ကူဆွဲ ထုတ်ရတယ်။

ဒါနဲ့ ဆက်ပြောပြပါဦး။

ကျွန်တော်က ကိုယ်ခန္ဓာက ၀တော့ တော်တော် တိုးထွက်ယူရတယ်။ ပြီးတော့ ကျွန်တော့ မိန်းမနဲ့ ကလေး နှစ်ယောက်ကိုလည်း အဲ့အပေါက်ကနေပဲ ဆွဲထုတ်တယ်၊ ဘာမှတော့ မဖြစ်ဘူး။

နောက်လူတွေကရော ဘယ်ကနေ ထွက်လဲ။

တစ်ချို့ကိုတော့ ကျွန်တော်တို့ ဆက်ဆွဲထုတ်တယ်။ တစ်ချို့ကတော့  အနောက်ဘက်က အပေါက်နဲ့ နီးတဲ့သူတွေက အနောက်ဘက်ကနေ ခုန်ဆင်း အစုံပဲ၊ ကျွန်တော်တို့ကတော့ ကျွန်တော်တို့နဲ့ နီးတဲ့ သူတွေကို ဆွဲထုတ်တာပေါ့။ အဲ့မှာ မီးက ဆက်လောင်နေပြီ။ တော်တော်လောင်လာတော့ ကျွန်တော်တို့လဲ ဝေးရာကို ပြေးရတယ်။ တစ်ချို့လည်း ကျန်ခဲ့တယ်။

ရန်ကုန်ကိုရော ဘယ်လို ပြန်လာလဲ။

ကျွန်တော်တို့ စီးလာတဲ့ တောင်ပြာတန်းကားက ရန်ကုန်ဂိတ်ကို ဖုန်းဆက်ပေးတော့  ကားလွှတ်ပေးတယ်။ ကျွန်တော်တို့ မိသားစုကတော့ မစောင့်တော့ဘူး။ ရန်ကုန်က သူငယ်ချင်းကို ဖုန်းဆက်ပြီးတော့ ကားလာကြိုတာနဲ့ ပြန်သွားတာ။

ပစ္စည်းတွေရော အကုန်ကျန်ခဲ့တာပေါ့။

 မကျန်ခဲ့ဘူး။ အ၀တ်အစား အိတ်တွေပဲ ကျန်ခဲ့တာ။ အခြားပစ္စည်းတွေက ကိုယ်နဲ့ အတူပါလာတယ်။ အ၀တ်အစားတွေပဲ ကျန်ခဲ့တာ။ မီးလောင်တဲ့ထဲ ပါသွားတယ်။

ရုတ်တရက် အခုလို ဖြစ်တော့ အစ်ကို ဘယ်လိုဖြစ်သွားလဲ ။

စစဖြစ်ချင်း ဘာမှမသိလိုက်ဘူး။ “ဒုန်း"လို့ အသံကြားမှာ နိုးတော့ မီးက စလောင်နေပြီ။ ကျွန်တော်တို့လည်း ငိုက်လာတာ တစ်လမ်းလုံး၊ နောက်မှ မီးလောင်တော့ ရတဲ့အပေါက်က ပြေးထွက်၊ ကလေးတွေနဲကဆိုတော့ ပြာယာခတ်နေတာပဲ။ ပူထူပြီး ဘာမှန်းကို မသိလိုက်ဘူး။ နောက်တော့ အခြားသူတွေလည်း ကယ်နေရင်းတန်းလန်းနဲ့ မီးက ပေါက်ကွဲတော့မယ်။ အရမ်းလောင်လာတော့ အဝေးကို ထွက်ပြေးရတာပဲ။

Mizzima Burmese