နေ့ခင်းကြောင်တောင် ဆိုင်ပိုင်ရှင်အား ဓားနှင့်ထိုးကာ ပိုက်ဆံများ လုယူသွားသူကို ပတ်ဝန်းကျင်အကူအညီဖြင့် ဖမ်းမိ

ပို့စ်တင်ချိန် - 4/10/2014 12:36:00 PM

အခင်းဖြစ်ပွားခဲ့သည့် Z4 ဖုန်းနှင့် ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးဆိုင်အား ဧပြီ ၉ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)



မရမ်းကုန်းမြို့နယ်တွင် လူငယ်တစ်ဦးမှ ဖုန်းနှင့်ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်ထဲသို့ဝင်ရောက်ပြီး ဆိုင်ပိုင်ရှင်အား ဓားဖြင့်ထိုးကာ ပိုက်ဆံများလုယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၈ ရက် ညနေ ၅ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အမှတ် ၉၄၁ လှေကားရင်းတွင် ဖွင့်လှစ်ထားသော ဆိုင်တစ်ဆိုင်အတွင်းသို့ ဘေးလွယ်အိတ် လွယ်ထားသော လူငယ်တစ်ဦးဝင်လာပြီး ဓားဖြင့်ထိုးကာ ပိုက်ဆံများ လုယူသွားမှုဖြစ်ပွားကြောင်း သိရသဖြင့် စုံစမ်းရာ အဆိုပါဆိုင်မှာ ဇ-၄ ဖုန်းနှင့် ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးဆိုင် ဖြစ်ကြောင်းသိရပြီး ဆိုင်ပိုင်ရှင်ဖြစ်သည့် ကမာရွတ်မြို့နယ်နေ ကို.....(၃၁)နှစ် အား ဓားဖြင့်ထိုးကာ ပိုက်ဆံများ လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လုယူသွားပြီး ကို.... မှ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခဲ့ပြီး ပတ်ဝန်းကျင်မှ လူများနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးမှုကြောင့် ကျူးလွန်သူအား ဖမ်းဆီးရမိခဲ့သည်။

ကျူးလွန်သူအား စစ်ဆေးရာ ၎င်းမှာ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေ စောထက်ဦးအောင်(၂၁)နှစ်ဖြစ်ကြောင်း သိရပြီး ၎င်း၏လွယ်အိတ်အား စစ်ဆေးကြည့်ရာ ငွေကျပ် ၁၅၅၀၀၀ နှင့် အရိုးအသွား ရှစ်လက်မခန့်ရှိ ကော်လက်ကိုင်ရိုးတပ် စတီးဓားဦးချွန် တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး ဓားထိုးခံခဲ့ရသည့် ဆိုင်ပိုင်ရှင် ကို....မှာလည်း ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲလက်ဖျံ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ အင်းစိန်ဆေးရုံတွင် မစိုးရိမ်ရလူနာအဖြစ် ကုသနေရသည်။

“ဆိုင်မှာ အဲဒီကောင်က လုပြီးတော့ အဲဆိုင်က ကောင်လေးကို အထဲမှာ အသေဆိုပြီး လုပ်တာပေါ့။ အဲဒီမှာ လူသိသွားတော့ ထွက်ပြေးတယ်။ ပြီးတော့ တက္ကစီတစ်စီးပေါ် တက်ပြေးတယ်။ ကားသမားကို နောက်ကနေ ၀ိုင်းလိုက်ရိုက်နေပါတယ်ဆိုပြီးတော့ ကားမောင်းခိုင်းတယ်။ အဲဒီမှာကားသမားက ဒီကောင် မူမမှန်ဘူးဆိုတာကို သိတော့ ကားမမောင်းဘူး။ အဲဒါမှာ ဆိုင်ထဲက ဓားထိုးခံရတဲ့ ကောင်လေးက ထွက်လိုက်ပြီးတော့ အော်ပြီးအကူအညီတောင်းတဲ့အတွက် အဲဒီကောင်က ကားပေါ်ကနေ ဆင်းပြေးတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့တွေက ၀ိုင်းဖမ်းလိုက်ကြတာပါ။ ကျွန်တော်တို့ ၀ိုင်းဖမ်းပြီးတဲ့အချိန်မှာပဲ ရဲတွေရောက်လာပြီး ခေါ်သွားပါတယ်”ဟု အဆိုပါ ဆိုင်အနီးတွင်နေထိုင်သည့် ကျူးလွန်သူအား ၀ိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်သူ ကိုအေးသွင်က ဧပြီ ၉ ရက်တွင် ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား ဘုရင့်နောင်နယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။



Eleven Media Group