ကေတီဗီဆိုင်မှာ အပန်းဖြေလာသူများက စားသောက်သီချင်းဆိုပြီး ခိုက်ရန်ဖြစ်ပွားခဲ့ရာ အရောင်းစာရေမ တစ်ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/12/2014 09:58:00 AM


သတင်း၊ ကိုတိုးကြီ
စစ်ကိုင်း၊
စစ်ကိုင်းမြို့၊ စိမ့်ကုန်းရပ်ကွက်ရှိ ရှင်းသန့် ကေတီဗီဆိုင်တွင် ယခုလ ၆ ရက်နေ့မွန်းလွဲ ၁ နာရီ ၁၃ မိနစ်က အပန်ဖြေအနားယူရန် လာရောက်သည့် လူအုပ်စုတဖွဲ့မှ စားသောက် သီချင်းဆိုပြီးနောက် အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ ရာ ထိုဆိုင်ရှိ အရောင်းစာရေးမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ရှိပစ္စည်းအချို့ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
“ ဒဏ်ရာရရှိတဲ့ အရောင်းစာရေးမလေးရဲ့ နာမည်က မအိနန္ဒာ အသက်(၂၂)နှစ်ဆိုသူဖြစ်ပါတယ်…” ဟု အဆိုပါ ရဲတပ်ဖွဲ့တစ်ဦးက ဆက်လက်၍ ပြောပြသည်။
ထိုနေ့က အဆိုပါ ရှင်းသန့် ကေတီဗီဆိုင်သို့ စစ်ကိုင်းမြို့၊ ဇေယျာတိုးချဲ့ရပ်ကွက်နေ ကိုအောင်သိုက်မြင့် ဆိုသူက ၎င်း၏ အဖော်အပေါင်းများနှင့်အတူ အပန်းဖြေအနားယူရန်သွားရောက်ခဲပြီး၊ စားသောက်သီချင်းဆိုရန် ကေတီဗီအခန်း တစ် ခန်းငှားရမ်းခဲ့ကြသည်။ ထို့နောက် အပန်းဖြေရန်လာရောက်သူများက အဆိုပါ အခန်းအတွင်း စားသောက်သီချင်းဆိုခဲ့ ရာ အချိန်တစ်နာရီခန့်အကြာတွင် အပန်းဖြေလာရောက်သူ ထိုသူတို့အချင်းချင်း စကားများရန်ဖြစ်ခဲ့ကြသည်။ ထို့ ကြောင့် ကေတီဗီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဝင်းဦးဆိုသူမှ ခိုက်ရန်မဖြစ်ပွားရန် ဖြန်ဖြေပေးခဲ့ရာ အဆိုပါ အခန်းအတွင်းရှိ ဧည့် ခံစားပွဲခုံအား ကိုအောင်သိုက်မြင့်ဆိုသမှ ဆွဲလှန်ချခဲ့သည့်အတွက် စားပွဲခုံပေါ်ရှိ ဖန်ခွက်သုံးလုံး၊ ပန်ကန်ပြားတစ်ချပ်၊ သီချင်းဆိုမိုက်နှစ်လုံးတို့ပျက်စီးခဲ့ရသည်။
ထိုမျှမက ၎င်းတို့စားသောက်ထားသည့် ၀န်ဆောင်စရိတ်ကျသင့်ငွေ (၄၄၀၀၀)ကျပ်ကိုလည်း ဆိုင်ပိုင်ရှင်ထံ ပေးချေ ခြင်းမရှိဘဲ ထိုသူတို့မှ အရောင်းကောင်တာစားပွဲအား ခြေဖြင့်ကန်လှဲခဲ့ရာ ကောင်တာစားပွဲလှဲကျခဲ့ပြီးနောက် အဆိုပါ ကောင်တာစားပွဲရှိ အရောင်းစာရေးမ မအိနန္ဒာ ဆိုသူမှာ ၀ဲဘက် တံတောင်ဆစ်၊ ၀ဲဘက်ဒူးခေါင်း ဖုယောင်ညိုမဲဒဏ် ရာများရရှိခဲ့သည်။ ကောင်တာစားပွဲခုံပေါ်ရှိ လျှပ်စစ်ဂဏန်းတွက်စက်လည်း ပျက်စီးသွားခဲ့သည်ဟု ဆိုင်ပိုင်ရှင် ဦးဝင်း ဦး ဆိုသူမှ စစ်ကိုင်းမြို့မရဲစခန်းတွင် ထိုကဲသို့ ပြောဆိုတိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
အဆိုပါ တိုင်တန်းချက်အား မြို့မရဲစခန်းက ယခုလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲတွင် (ပ) ၁၅၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၄/၃၂၃/၄၂၇ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကေတီဗီဆိုင်ကြီးများရှိ အပန်းဖြေအနားယူ သီချင်းဆိုသည့် အခန်းနေရာများတွင် အစားအသောက်နှင့် ယမကာများ စားသောက်သုံးစွဲခြင်း၊ ရောင်းချခြင်း တရားဝင်ခွင့်ပြုချက်ရှိ/မရှိအား ဤသတင်းဌာနမှ သီးခြားသတင်းအတည်ပြုချက် များရရှိနိုင်ရန် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေကြား မည့်သူမရှိသည့်အတွက် သီးခြားသတင်းအတည်ပြုချက်များ ယခုအချိန်ထိ မရှိသေးပေ…။

ကိုတိုး ချင်းတွင်း