မဟာ သင်္ကြန် ကာလ၌ ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ် ၁၆ဝဝကျော် ပြေးဆွဲမည်

ပို့စ်တင်ချိန် - 4/01/2014 06:47:00 PM


၂ဝ၁၄ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် ကာလ၌ ရန်ကုန်မြို့တော် အတွင်း ခရီးသည်တင် ယာဉ်အစီးရေ ၁၆ဝဝကျော် ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကာလအတွင်း ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ယာဉ်စီးခ များကိုလည်း ပုံမှန်ဈေးနှုန်း အတိုင်းသာ ပေးရမည် ဖြစ်ကြောင်း၊ တိုးမြှင့်ကောက်ခံသော ခရီးသည်တင် ယာဉ်များကို အရေးယူခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရေး အတွက်လည်း လိုက်နာရမည့် စည်းကမ်းချက်များကို အထူးကြပ်မတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနက် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းနှင့် ရွှေဧည့်သည် ခရီးသည်တင် ယာဉ်လိုင်းတို့ အပါအဝင် ယာဉ်လိုင်းအဖွဲ့အစည်းရှစ်ဖွဲ့မှာ ပြေးဆွဲမှုရပ်နား မည်ဖြစ်ကြောင်း၊ မထသ(ဗဟို) လက်အောက်ရှိ ယာဉ်လိုင်းအဖွဲ့ အစည်းများ အနက် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းမှာ ဧပြီ ၁၂ရက်မှ ၁၆ရက် အထိလည်းကောင်း၊

ရွှေရန်ကုန်ယာဉ်လိုင်း၊ ရွှေဧည့်သည် ယာဉ်လိုင်း၊ ရွှေအင်းဝယာဉ်လိုင်း၊ မြို့တော်စည်ပင်(အတွင်း)ယာဉ်လိုင်း၊ စစ်မှုထမ်းဟောင်း (ပြင်ပ)ယာဉ်လိုင်း၊ ဂျီအီးစီယာဉ် လိုင်း၊ မြန်မာ့ သားကောင်း ယာဉ်လိုင်း တို့မှာ ဧပြီ ၁၃ရက်မှ ၁၉ရက်အထိ လည်းကောင်း၊ စစ်မှုထမ်းဟောင်း (အတွင်း)ယာဉ်လိုင်းမှာ ဧပြီ ၁၄ရက်မှ ၁၇ရက်အထိ လည်း ကောင်း ပြေးဆွဲမှုရပ်နား ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့တော် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှလည်း ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ အင်အားကို ယခင်နှစ်ကထက် နှစ်ဆနီးပါး တိုးမြှင့် ချထား ဆောင် ရွက်မည် ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ တစ်လမ်းမောင်း စနစ်များ သတ်မှတ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး
မြ၀တီ