တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်များအတွက် အာမခံကြေးရရန် ဆောင်ရွက်ပေးမည်ဟုဆို

ပို့စ်တင်ချိန် - 4/19/2014 09:04:00 PM


ခင်မြတ်မြတ်ဝေ | စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တောင်ပြာတန်းယဉ်လိုင်းမှ ယာဉ်တိုက်မှုတွင်ထိခိုက်ခဲ့သည် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် အသက်အာမခံကြေး ရရှိရန် တောင်ပြာတန်း ယာဉ်လိုင်းက ဆောင်ရွက်ပေးမည်ဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်း ကားဂိတ်မှ တာဝန်ခံ ဒေါ်ချိုက မဇ္ဈိမကို ပြောသည်။

"ကားက အစိုးရမှာ အမခံကြေးသွင်းထားပါတယ်။ ခရီးသည်တွေအတွက်ကိုလည်း အသက်အမခံကြေး သွင်းထားတယ် အခုဟာရုံးတွေကပိတ်ထားတယ်။ ရုံးဖွင့်ရက်ကျမှ လိုက်လုပ်ရမယ်"ဟု ဒေါ်ချိုက ပြောသည်။

ကားမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် တောင်ပြာတန်းခရီးသည်တင် ယဉ်လိုင်းပေါ်တွင် ခရီးသည် ခြောက်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ဦးတွင် ပျောက်ဆုံးနေသူ၂ဦးမှာ ဧပြီလ ၁၉ရက်နေ့တွင် အဆက်သွယ်ရရှိသောကြောင့် စုစုပေါင်း ဒဏ်ရာရရှိသူများနှင့် သေးဆံုးသူများ အတွက် အသက်အာမခံများဆောင်ရွက် ပေးနေသည်ဟုဆက်လက်ပြောသည်။

“ကားထဲမှာ လူနှစ်ယောက်က ပျောက်နေတာ ဒီနေ့မှအဆက်သွယ်ရတယ်။ သူတို့က ရန်ကုန်မှာ ဆေးရုံတက်နေတယ်လို့ သိရတယ်။ ကုန်ကျစရိတ်ကတော့ တချို့တ၀က်ကိုတော့ ဖြေရှင်းပေးနေပါတယ်။ ကျွန်မတို့ယဉ်လိုင်းအနေနဲ့ ဖြေရှင်းပေးနေပါတယ်။”ဟု ဒေါ်ချိုက ပြောသည်။

ဧပြီလ ၁၂ရက် နံနက် ၂နာရီခန့်က တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တောင်ပြာတန်းအမြန်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၁၁၆ အရောက်တွင် မတ်တူးယာဉ်တစ်စီးကို ကျော်တက်ရမှ တိုက်မိကာ မတ်တူးယာဉ်သည် အမြန်ယာဉ်၏ အောက်သို့ ရောက်ရှိသွားပြီ ကားနှစ်စီးလုံးမီးလောင်ကျွမ်းခဲ့ရသည်။ ထိုသို့ မီးလောင်ကျွမ်းခြင်းကြောင့် တောင်ပြာတန်းကားပေါ်ပါ ခရီးသည် ခြောက်ဦးနှင့် မတ်တူးကားပေါ်ပါသူ ခြောက်ဦး သေဆုံးခဲ့ရသည်။

တောင်ပြာတန်းအမြန်ယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု ဖြူးမြို့နယ် အမြန်လမ်း စခန်းမှူး ရဲအုပ် ဝင်းထွဋ်အောင်က မဇ္ဈိမကို ပြောသည်။

"ယဉ်မောင်းကထွက်ပြေးသွားတာ၊ ဖြစ်တဲ့ညပဲ ကျွန်တော်တို့ သူ့လိပ်စာက ရန်ကုန်လိပ်စာနဲ့ဆိုတော့ ညတွင်းချင်း လိုက်ရှာတယ်။ အခုထိရှောင်းနေတုန်း ယဉ်လိုင်းပိုင်ရှင်ကိုလည်း ယာဉ်မောင်းနဲ့ဆက်သွယ် ရရင် အကြောင်းကြားဖို့ ပြောထားတယ်” ဟုဆက်လက်ပြောသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် တောင်ပြာတန်း ယာဉ်လိုင်းကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၀၄(က)တို့ဖြင့် အရေးယူဆောင်ရွက်ရန် ဧပြီလ ၁၂ရက်က အမှုဖွင့်ထားပြီးဖြစ်သည်ဟု ဖြူးမြို့နယ် အမြန်လမ်းစခန်းမှုးရဲအုပ် ဦးဝင်းထွဋ်အောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် တောင်ပြာတန်း ရန်ကုန်ကားဂိတ်မှ တာဝန်ခံ ဦးသော်မီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ယာဉ်ထိန်းရုံး အနေဖြင့်လည်း ယာဉ်တိုက်မှု မဖြစ်ရန်၊ မီတာ ၁၀၀ကျော်ကာ မမောင်းနှင်ရန် စသောအချက်များပါသည့် လက်ကမ်းစာစောင်များဖြင့် သတိပေးမှုများ ဆောင်ရွက်နေသည်ဟု အမြန်လမ်းစခန်းမှုးရဲအုပ် ဦးဝင်းထွဋ်အောင်က ပြောသည်။

တောင်ပြာတန်းယာဉ်တွင် ဒဏ်ရာရရှိသော ခရီးသည်များအတွက်လည်း ရဲတပ်ဖွဲ့ အနေဖြင့် ငွေကျပ်တစ်သိန်းနှင့် ခရီးသည်များအတွက် အ၀တ်အစားများ ထောက်ပံ့ပေးခဲ့သည်။

ဧပြီလ ၁၂ရက်တွင် ဖြစ်ပွားခဲ့သည့် ယဉ်တိုက်မှုဖြစ်စဉ်တွင် ခရီးသည် ၁၂ဦး သေးဆုံးခဲ့ပြီး လူငါးဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ ငါးဦးမှ မီးလောင်ဒဏ်ကြောင့် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် ဆေးကုသနေသူတစ်ဦးမှာ ဧပြီလ၁၇ရက်တွင် ထပ်မံသေးဆုံးခဲ့သည်ဟု ရဲအုပ် ဝင်းထွဋ်အောင်က ပြောသည်။

တောင်းပြာတန်းယဉ်လိုင်းအနေဖြင့် ဧပြီလ ၁၈ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်များ ပုံမှန်အတိုင်း ရှိနေပြီး၊ ယဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည်မလျှော့သွားဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်းကားဂိတ်တာဝန်ခံ မချိုက ပြောသည်။

တောင်ပြာတန်းကားဂိတ် အနေဖြင့် ယဉ်တိုက်မှုနှင့်ပတ်သတ်၍ ဖြေရှင်းပြီးသွားပါက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။

Mizzima Burmese