မြန်မာရေတပ် အင်အားကောင်းလာမှုကြောင်း ပြည်ပ ရေယာဉ်များ ငါးခိုးဖမ်းမည်ကို စိုးရိမ်စရာ မလိုဟု ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူမှပြော

ပို့စ်တင်ချိန် - 4/01/2014 12:44:00 PM

ဓာတ်ပုံ - ရေတပ်မှ ဖမ်းဆီးခဲ့သည့် အင်ဒိုနီးရှား ငါးခိုးလှေမှ လှေသားများအား တွေ့ရစဉ်

မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို ယခုလကုန်မှ စတင်ပြီး ရပ်နားမည် ဖြစ်ရာ  ပြည်ပ ရေယာဉ်များမှ  တရားဝင်ဖမ်းဆီး ခွင့်မရရှိ၍ တရားမ၀င် ခိုးယူ ဖမ်းဆီးမှုများ ပြုလုပ်မည်ကို ပြည်တွင်း ငါးလုပ်ငန်းရှင်များက စိုးရိမ်လျက် ရှိသည့် အပေါ်  လက်ရှိတွင် ၀င်ရောက် ခိုးဖမ်းရန် မလွယ်ကူနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၏ သားငါးကဏ္ဍ အပတ်စဉ် အစည်းအဝေးတွင်  အဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ကြောင်း မတ်လ (၃၁) ရက်နေ့ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာတွေ ရေးသား ဖော်ပြ ထားသည်။

''တခိျု့ကလဲ စိုးရိမ်စိတ်ရှိတယ်။ မြန်မာ့ရေပြင်မှာ ကျွန်တော် တို့ ဖမ်းဆီးခွင့်ရှိတယ်ဆိုပေမယ့် တခြားနိုင်ငံက လာဖမ်းတဲ့အခါ ဘယ်လို တားဆီးမလဲဆိုတဲ့ အပိုင်းတွေရှိတယ်။ ကျွန်တော်ကတော့ သိပ်မစိုးရိမ်တော့ဘူး  ဘာကြောင့်လဲ ဆိုတာ့ မြန်မာ့ရေတပ်မတော်က ဒီလ ထဲမှာပဲ စစ်ရေး လေ့ကျင့်မှုတွေ လုပ်တယ်။ ဒီနေ့ မြန်မာ့တပ်မတော်(ရေ) အနေအထား ကလဲ ကိုယ့်ရေပိုင်နက်ကို ကာကွယ်နိုင်တဲ့ အဆင့်မြင့် တက်လာပါပြီ။ အဲဒါကြောင့် ရေပြင်မှာ Fishing Right တွေဖျက် လိုက်တဲ့နောက် လာခိုးဖို့ဆိုတာ သိပ်မလွယ်တော့ပါဘူး။  စိတ်ပူစရာ မရှိပါဘူးဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ  ဦးဟန်ထွန်းက ပြောကြားခဲ့ကြောင်း ၄င်း သတင်းစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း တနင်္သာရီရေတပ်စခန်း ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ မြန်မာ ပိုင်နက် ရေပြင်တွင် တရားမ၀င် ကျူနာငါး ၀င်ရောက် ခိုးဖမ်းသည့် အင်ဒိုနီးရှားနိုင်ငံ လိုင်စင်ပါ ကျူနာငါးဖမ်းလှေ (၃) စီးအား တပ်မတော် (ရေ) စစ်ရေယာဉ်များမှ ဖမ်းဆီးနိုင် ခဲ့သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စတင်သည့် ၂၀၁၄ ခု နှစ် ဧပြီတစ်ရက်မှစ၍ မည်သည့် နိုင်ငံခြားသားပိုင် ငါးဖမ်းလှေမှ မြန်မာ့ရေပိုင်နက် အတွင်း ၀င်ရောက်ငါးဖမ်းခွင့် ရရှိတော့မည် မဟုတ်ပေ။ မြန်မာ့ရေ ပိုင်နက်ထဲသို့ ၀င်လာပါကလည်း ရေတပ်က ပစ်ခတ် ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ပ ငါးဖမ်းလှေများကို ၁၉၈၉-၁၉၉၀ မှ စတင်ကာ ၁၉၉၃-၁၉၉၄ အထိ ကုမ္ပဏီ ၅၂ ခုမှ ရေယာဉ် ၁၃၈၄ စီး မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့်ကို စတင်ခွင့်ပြုခဲ့သည်။ ထို့နောက် ငါးနှစ်စီ သုံးကြိမ် သက်တမ်း တိုးပေးခဲ့ပြီး ယခု ၂၀၀၉- ၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ကုမ္ပဏီသုံးခုမှ ငါးဖမ်းလှေ အစီးရေ ၅၀၀ အား ခွင့်ပြုခဲ့ပြီးဖြစ်သည်။

မြိတ်ပုလဲမြေ