ဒုတိယရွှေလီ သို့မဟုတ် မန္တလေးပါရာဒိုင်း

ပို့စ်တင်ချိန် - 4/20/2014 08:10:00 PM



Written by  ရဲဝင်းနိုင်
ကုန်းဘောင်မင်းဆက်၏ ဘုရင်မင်းတစ်ပါးဖြစ်သော မင်းတုန်းမင်း တည်ထားခဲ့သည့် မန္တလေး ရတနာပုံ ရွှေမြို့တော် မြန်မာဘုရင်တို့၏ နောက်ဆုံးစိုးစံရာ မြို့တော် မန္တလေး။ မင်းတုန်းမင်းကြီး၏ သားတော် သီပေါဘုရင် စိုးစံပြီးနောက် မန္တလေးသည် အင်္ဂလိပ် ကိုလိုနီခေတ် ကျရောက်သွားခဲ့ပြီး ရွှေနန်းမြို့တော် ခေတ်သမိုင်း မှေးမှိန်သွားခဲ့ရသည်။ မြို့တည်သက်တမ်း နှစ်ပေါင်း ၁၅၅ နှစ် ဝင်နေပြီဖြစ်သော မန္တလေးတွင် အပြောင်းအလဲများစွာ ရှိလာသည်။ မြန်မာဘုရင်တို့၏ ထီးဟန်၊ နန်းဟန်များ ပြည့်နှက်နေသော မန္တလေးသည် အပြောင်းအလဲ အရွေ့များစွာကြောင့် အလွန်ပြောင်းလဲ သွားခဲ့ချေပြီ။

မန္တလေး၏ မြို့ပြလူနေမှုသရုပ် သဏ္ဌာန်သည် ၁၉၈၄ ခုနှစ် ဦးကျားကြီးဝင်း မီးလောင်မှု နောက်ပိုင်း  လျင်မြန်စွာ ပြောင်းလဲလာပြီး အရွေ့စာမျက်နှာသစ် စတင်ဖွင့်လှစ်ခဲ့သည်ဟု ဆိုရပေမည်။ ဦးကျားကြီးဝင်း မီးလောင်မှု နောက်ပိုင်း  မန္တလေးသို့ တရုတ်လူမျိုး အများစု တစ်စထက်တစ်စ ပြောင်းရွှေ့ နေထိုင်လာကြသည်။ တရုတ်လူမျိုးများသည် မြို့တွင်းမှ ခြံကွက်၊ မြေကွက်များကို ဈေးကြီးကြီးပေး၍ ဝယ်ယူခြင်းဖြင့် မြို့လယ်ကောင် အချက်အချာများကို စတင်သိမ်းယူခဲ့ရာ ယခုအခါ မန္တလေး မြို့လယ်ကောင်တွင် မြန်မာလူမျိုး ပိုင်ဆိုင်မှုမှာ မရှိသလောက်ပင် နည်းပါးသွားခဲ့သည်။
“တရုတ်တွေ ဝင်ရောက်လာပြီးနောက် မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ သူတို့တွေချည်း ဖြစ်လာတယ်” ဟု မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ဆိုသည်။

ဦးကျားကြီးဝင်း မီးလောင်မှု နောက်ပိုင်း မန္တလေး ချက်မြှုပ်ဇာတိသားများ မန္တလေးသူ၊ မန္တလေးသား စစ်စစ်များသည် မြို့ထဲမှ မြေကွက်များကို စွန့်ခွာ ရောင်းချပြီး တိုးချဲ့မြို့သစ်များဆီသို့ ပြောင်းရွှေ့ခဲ့ကြသည်။ တရုတ်လူမျိုး ဝင်ရောက်လာချိန်မှစပြီး မန္တလေးမြို့၏ မြေဈေးများသည်လည်း တရိပ်ရိပ် တဖြည်းဖြည်း မြင့်တက်လာသည်။
“၂၀၀၀ ပြည့်နှစ်လောက်က မြေဈေးက ဒီနေ့မြေဈေးနဲ့ နှိုင်းယှဉ်ရင် အဆ ၂၀  လောက် တက်လာတယ်” ဟု မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦး ဖြစ်သူ ဒေါ်ချိုက ပြောကြားသည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးများ ဝင်ရောက် နေထိုင်နေရာယူလာမှုကို ဆန်းစစ်ရာတွင် မန္တလေး၏ ကျောက်စိမ်း ဈေးကွက်ကို ချန်လှပ်ထား၍ မရပေ။ ယင်းကျောက်စိမ်း ဈေးကွက်သည် မန္တလေးကို တရုတ်လူမျိုးများ စတင်ပြောင်းရွှေ့လာသော အခြေခံ အကြောင်းအရင်း တစ်ခုဆိုရင်လည်း မမှားနိုင်ပေ။

မန္တလေးတွင် မြို့သစ်ကြီး၊ မြရည်နန္ဒာ မြို့သစ်၊ ထွန်တုံးမြို့သစ်၊ အောင်ပင်လယ် မြို့သစ်၊ သင်ပန်းကုန်မြို့သစ်၊ ကန်သာယာ မြို့သစ်များ ပေါ်ထွန်းလာသကဲ့သို့ မြို့ကွက် အနေအထားသည်လည်း တဖြည်းဖြည်းနှင့် အရှေ့ဘက်နှင့် တောင်ဘက် ပြန့်ကားလာသည်။ လူနေထိုင်မှု တဖြည်းဖြည်း သိပ်သည်းလာသည်။

တရုတ်လူမျိုးများ အလုံးအရင်းဖြင့် ဝင်ရောက်လာမှုက မန္တလေး၏ ယဉ်ကျေးမှု ခေတ်သစ်တစ်ခုသို့ ဆွဲခေါ်နေသည်။ မန္တလေးတွင် ယခင်ကတည်းက တရုတ်လူမျိုး ဝင်ရောက် နေထိုင်မှု ရှိနေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ ပမာဏများစွာ အလုံးအရင်းဖြင့် ဝင်ရောက်မှုမှာ တပ်မတော် အစိုးရလက်ထက်တွင် စတင် ဖြစ်ပေါ်လာသည်ဟု ဆိုရပေမည်။

“မန္တလေးနဲ့ တရုတ်လူမျိုးက ခွဲခြားလို့တော့ မရဘူး။ ဒါပေမဲ့ မင်းတုန်းမင်းကြီး လက်ထက်ကတည်းက နေခဲ့ကြသူတွေနဲ့ သူတို့ကတစ်ဆင့် ပေါက်ဖွားခဲ့ကြ သူတွေဟာ မြို့နဲ့ တစ်သားတည်း ဖြစ်ခဲ့တယ်။ မန္တလေးမြို့သူ မြို့သားပီပီ ကောင်းမွန်စွာ နေထိုင်ခဲ့ကြတယ်” ဟု  မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က သုံးသပ်ပြောဆိုသည်။
မန္တလေးနှင့် တရုတ်လူမျိုး ခွဲခြားမရသော သမိုင်းအထောက်အထား အချို့ရှိခဲ့ပြီး မင်းတုန်းမင်းကြီး လက်ထက်တွင် တရုတ် စစ်သံမှူးတစ်ဦးကို မင်းတုန်းမင်း ကိုယ်တိုင် မြန်မာ အမျိုးသမီးတစ်ဦးနှင့် လက်ဆက် ပေးခဲ့ဖူးသည်။ စစ်ဘက်ဆိုင်ရာ အဆောင်အယောင်များ ချီးမြှင့် မြှောက်စားခဲ့သေးသည်။

သက်တမ်း ၈၀ ကျော်ပြီဖြစ်သော မြို့မအပျော်တမ်း တေးဂီတ အသင်းကြီး၏ ဥက္ကဋ္ဌဆိုလျှင် တရုတ်လူမျိုး တစ်ဦးဖြစ်ပြီး ရတနာပုံခေတ်က တည်ဆောက် လှူဒါန်းခဲ့သော ရွှေအင်ပင် ကျောင်းတော်ကြီး တည်ဆောက်သူမှာလည်း တရုတ်အမျိုးသား တစ်ဦးဖြစ်သည်။ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးတွင် ဆရာတော်ကြီး လက်ထက်မှ ယနေ့တိုင် စဉ်ဆက်မပြတ် ပစ္စည်းလေးပါး လှူဒါန်း နေသူများတွင်လည်း တရုတ်လူမျိုးများ ပါဝင်သည်။

ယခင်က ပြောင်းရွှေ့ နေထိုင်ခဲ့ကြသော တရုတ်လူမျိုးတို့သည် မန္တလေးကို ၎င်းတို့၏ မိခင်ဌာနသဖွယ် သဘောထားပြီး ဒေသအကျိုးပြု လုပ်ငန်းများတွင် အစွမ်းကုန် ပါဝင်ကူညီခဲ့ကြသည်။ သို့ရာတွင်  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မန္တလေးသို့ ပြောင်းရွှေ့နေထိုင် ဝင်ရောက်လာသည့် တရုတ်လူမျိုး အများစုသည် စီးပွားရေး အမြတ်ထုတ်လိုသည့်စိတ်၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်လို စိတ်များဖြင့် အာဏာပိုင်များနှင့် ပူးပေါင်းပြီး ရသမျှ အခွင့်အရေးယူ၍ စီးပွားရှာလာကြခြင်းက ပိုများသည်ဟု မန္တလေးမြို့ခံများက ဝေဖန် ပြောဆိုကြသည်။
“ဧည့်သည်က သခင်ပုံစံမျိုး ကျင့်ကြံပြီး မတရားသဖြင့် နိုင်ထက်စီးနင်း စီးပွားရှာတဲ့ ပုံစံဖြစ်နေတယ်။ ဒါကကောင်းတဲ့ ပုံစံမဟုတ်ဘူး” ဟု စာရေး ဆရာဆူးငှက်က ဆိုသည်။

ယခင်တပ်မတော် အစိုးရလက်ထက်တွင် အရှေ့မြောက်ဒေသမှ တရုတ်လူမျိုး များသည် မန္တလေးမြို့သို့ ခေါင်းစဉ် အမျိုးမျိုးတပ်၍ ရောက်လာကြသည်။ နိုင်ငံခြားသား တရုတ်လူမျိုးတို့သည် လာဘ်ပေးမှု ကျူးလွန်၍ မြန်မာနိုင်ငံသား စိစစ်ရေးကတ်များ ရယူခဲ့ကြမှုများလည်း ရှိသည်။
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော တပ်မတော် ထောက်လှမ်းရေး၏ ထောက်ခံချက်ဖြင့် နိုင်ငံသား မှတ်ပုံတင် ထုတ်ယူသွားသော တရုတ်လူမျိုးများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ တရုတ်လူမျိုး အချို့ကို မှတ်ပုံတင် ထုတ်ပေးမိ၍ တာဝန်မှ အနားပေး ခံလိုက်ရသော လူဝင်မှုကြီးကြပ်ရေး အရာရှိများ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီအချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင် နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ရရှိသွားသော လူမျိုးခြားသွေးနှော နိုင်ငံသားများ မန္တလေးတွင် အများအပြား ရှိနေပြီး ယင်းတို့တွင် တရုတ်လူမျိုးလည်း ပါဝင်နေသည်။
“ဒီနေရာမှာ အမေရိကန်ရယ်၊ တရုတ်ရယ်၊ ယိုးဒယားရယ်၊ ပါကစ္စတန်ရယ် ခွဲခြားပြီး မပြောလိုဘူး။ အန္တရာယ် ကြီးပါတယ်။ မခံမရပ်နိုင်တဲ့အဆုံး ပြည်တွင်း မငြိမ်မသက်မှုတွေ၊ ဒေသတွင်း  မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဒါကို အာဏာပိုင်တွေ အနေနဲ့ လျစ်လျူရှု မထားသင့်ပါဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက စိုးရိမ်စိတ်ဖြင့် ပြောဆိုသည်။

မြို့ဧရိယာ ကျယ်ဝန်းလာသော မန္တလေးတွင် လူဦးရေလည်း တဖြည်းဖြည်း သိပ်သည်းလာသည်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က မန္တလေး၏ လူဦးရေသည် ငါးသိန်းဝန်းကျင်သာ ရှိရာမှ ယခုအခါ လူဦးရေ ၁၀ သိန်း ရှိလာသည်ဟု သက်ဆိုင်ရာက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရှိရသည်။

ခြံဝင်းများနှင့် နေထိုင်ခဲ့သော မန္တလေး မြို့လယ်ကောင်တွင် အထပ်မြင့်တိုက်များ နေရာယူလာသည်။ မြို့၏ သင်္ကေတ များသည်လည်း တစ်စတစ်စ ယုတ်လျော့လာသည်။
“အရင်တုန်းကဆိုရင် မန္တလေးမြို့ရဲ့ သင်္ကေတတွေကို မှတ်နိုင်တယ်။ ဘယ်နေရာမှ ဘာရှိတယ် ဆိုတာကို မှတ်မိနိုင်တယ်။ အခုကျ မှတ်ဖို့ မလွယ်တော့ဘူး။ မန္တလေးသား ဖြစ်ပေမယ့်လည်း  မျက်စိလည်လာပြီ” ဟု မန္တလေး မြို့သစ်မှ  ဦးတင်မောင်ထွန်းက ဆိုသည်။

မန္တလေးသည် လျင်မြန်စွာ ပြောင်းလဲလာသည်ဟု မန္တလေးမြို့ခံ စာရေးဆရာ ညိုထွန်းလူက  ပြောဆိုသည်။
“မန္တလေးရဲ့ အရွေ့တွေကို ခံစားဖြစ်တယ်။ မန္တလေးရဲ့ နိုင်ငံရေးအရွေ့၊ ယဉ်ကျေးမှုအရွေ့၊ စီးပွားရေးအရွေ့၊ ကျန်းမာရေးအရွေ့၊ လူမှုရေးအရွေ့ ပညာရေးအရွေ့တွေ ဆင့်ကဲပြောင်းလဲမှုတွေ ရှိလာတယ်။ ဒီအရွေ့တွေဟာ မြန်ဆန် လွန်းလှတယ်” ဟု စာရေးဆရာ ညိုထွန်းလူက ဆိုသည်။

မန္တလေးမြို့၏ ပုံစံသည် တရုတ်နှင့် မြန်မာနယ်စပ်ရှိ တရုတ်ပိုင် ရွှေလီမြို့နှင့် ဆင်တူလာသည်အထိ တရုတ် လူမျိုးတို့၏ ပိုင်ဆိုင်မှုများက များပြားလာသည်။ မန္တလေး၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ကြီးမားလာပြီး တရုတ်လူမျိုး အများစုက မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်း အများစုကို ကြီးစိုးထားသည်။ ပါရာဒိုင်းပြောင်း မန္တလေးတွင် တေးသံရှင် လင်းလင်း၏ သီချင်းစာသား ထဲကကဲ့သို့ ဘာသာစကားမတူ၊ အသားအရောင် မတူလူများ ပြည့်နှက်နေပြီ ဖြစ်သည့်အပြင် မန္တလေးသူ၊ မန္တလေးသား အများစု နားမလည်နိုင်သော ဘာသာစကားများဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များ နေရာအနှံ့ ချိတ်ဆွဲလာကြပြီ ဖြစ်သည်။

ယင်းသို့ အချိုးမညီမျှမှုများက မန္တလေး၏ အရွေ့တစ်ခုကို အရွှေ့ခံရလိုက် ရသည်ဟု မြို့ခံများက မှတ်ချက်ပေးသည်။

မန္တလေးမြို့၏ မြန်ဆန်သော ပြောင်းလဲမှု၊ လူမျိုးခြားများ စိမ့်ဝင်ကြီး စိုးလာမှု၏ အဓိက အကြောင်းအရင်းမှာ တရားဥပဒေ စိုးမိုးမှု နည်းပါးသောကြောင့်ဟု ဆိုလျှင် မမှားနိုင်ပေ။ တရားဥပဒေ စိုးမိုးမှု ဆက်လက် ပျောက်ဆုံးပါက မန္တလေးမြို့သည် ဒုတိယ ရွှေလီမြို့တော်အဖြစ် လုံးဝအသွင်ပြောင်းလဲ သွားမည်ဟု ဒေသခံများက သုံးသပ် ပြောဆိုကြသည်။



The Voice Weekly