အောင်ပန်း-ဟဲဟိုးလမ်းတွင် မိုးကောင်ကင်မှန်လုံယာဉ် တိမ်းမှောက်ကာ နှစ်ဦးသေဆုံး၊ ၁၆ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/27/2014 11:37:00 AM



ကလော၊ မဇ္ဈိမ။                      ။ ဧပြီ ၂၆ ရက် နေ့လည်  ၁၂း၁၅မိနစ် အချိန်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊
အောင်ပန်း -ဟဲဟိုး ကားလမ်း တီခေါင်တောင်ဆင်းလမ်း၌ ဘုရားဖူးးယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၁၆ဦး ဒဏ်ရာ ရပြီး နှစ်ဦးသေဆုံးခဲ့သည် ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၄၀ဦးအနက် ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် အောင်ပန်းမြို့ ကုတင် (၇၀၀) ဆံ့ တပ်မတော် စစ်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ဒဏ်ရာရရှိသူများ အနက်မှ မအေးလေး(ခ) မခင်သန္တာအေး (၂၅) နှစ်သည် ဒဏ်ရာပြင်းထန် သဖြင့် သေဆုံးခဲ့ပြီး ညနေ ၄နာရီ အချိန် တိမ်းမှောက်ယှဉ်အား ပြန်လည်ဆည်ယူစဉ် ယာဉ်၏ နောက်ပိုင်းပိ၍ သေဆုံးနေသူ ဦးမြင့်ဇော် (၃၅)နှစ်ကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ကားတိမ်းမှောက်မူ ဖြစ်တဲ့ အချိန်က မိုးတွေရွာထားတော့ လမ်းချော်နေတာကို ယာဉ်မောင်းက တောင်ပေါ်လမ်း မောင်းတာ မကျွမ်းကျင်တော့ အခုလို ဖြစ်ပွားခဲ့တာပါ”ဟု ဟဲဟိုး နယ်မြေရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျရဲ အရာရှိက မဇ္ဈိမကို ပြောသည်။

ဖြစ်ပွားပုံမှာ အောင်ပန်း -ဟဲဟိုး ကားလမ်း မိုင်တိုင် အမှတ် (၈၂/၂ ) နှင့် (၈၂/၃) အကြား တီခေါင်တောင်ဆင်းလမ်း၌
အောင်ပန်းမြို့ဘက် မှ ဟဲဟိုးမြို့သို့ မောင်းနှင်လာသည့် မိုးကောင်းကင် မှန်လုံ ဘုရားဖူးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်သို့ ထိုးကျ တိမ်းမှောက်သွားခဲ့ ခြင်းဖြစ်သည် ဟု  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ယာဉ်မောင်းကို ဟဲဟိုးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ယာဉ်(ပ) သတင်းချက် အမှတ်၊ ၆/၁၄ ၊ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄ (က) အရ အမှုဖွင့် အရေးယူထားသည်။

မဇ္ဈိမ