အမျိုးသားချင်း ချစ်ကြိုက်သည့်ပုံစံမျိုး သရုပ်ဆောင်မည့် ဟန်ထူးဈာန်

ပို့စ်တင်ချိန် - 4/02/2014 03:39:00 PM



မိုးသူ
ရန်ကုန်၊ ဧပြီ ၁

အိပ်မက်ဆုံရာတွင် လူကြိုက်အများဆုံးဆုကိုရရှိခဲ့သည့် ဟန်ထူးဈာန်သည် ဒါရိုက်တာအောင်စမ်း ရိုက်ကူး ထားသည့် “တေးသီငှက်တို့ ဒဏ္ဍာရီ” စီးရီး၌ “အချစ်ဦးမို့” အမ်တီဗွီတွင် အမျိုးသား အချင်းချင်း ချစ်ကြိုက် သည့်ပုံစံဖြင့် ပါဝင်သရုပ်ဆောင်မည် ဆိုသည့်သတင်းသည် လူမှုကွန်ရက် စာမျက်နှာထက်တွင် ပျံ့နှံ့လျက် ရှိသည်။ ၎င်းသည် အဆိုပါစီးရီးတွင် အိမ်မက်ဆုံရာအဖွဲ့မှ သူငယ်ချင်များနှင့်အတူ ပါဝင်သီဆိုထားခြင်း ဖြစ်သည်။

“ကျွန်တော်က အမြဲတမ်း အနုပညာ ပြကွက်အသစ်နဲ့ ဟန်ထူးဈာန်ပဲ။ ပရိသတ်ကို ပြချင်တာပါ။ ဒါကြောင့် မို့လို့ အထူးအဆန်းလေးလည်း ဖြစ်သွားအောင်ပါ။ ဒီလိုမျိုး အမ်တီဗွီကို ဘယ်သူမှလည်း မရိုက်ဖူးသေးဘူး လေ။ အမေကလည်း မရိုက်စေချင်ဘူး။ တားတယ်။ ဒါပေမဲ့ ကျွန်တော်က အသစ်အဆန်းလေး ဖြစ်သွား အောင် ရိုက်ချင်တာနဲ့ ရိုက်ကူးလိုက်တာပါ။ ပရိသတ်တွေကိုလည်း အမ်တီဗွီကို အပြည့်အစုံ ကြည့်စေချင် ပါတယ်။ ဒါမှ ဘယ်လိုအဓိပ္ပာယ်လည်းဆိုတာ သဘောပေါက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါစီးရီးကို ဒါရိုက်တာအောင်စမ်းက အမ်တီဗွီအဖြစ် ရိုက်ကူးခြင်းဖြစ်ပြီး တေးရေးဖူးဖူး ရေးသားထား သည့် “အချစ်ဦးမို့” သီချင်းတွင် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။ ယင်းစီးရီးတွင် ဟန်ထူးဈာန်၊ နန်းချစ်နဒီ ဇော်နှင့် ၀ိုင်းလေးတို့ ပါဝင်သီဆိုထားကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ထွက်ရှိခဲ့သည့် “တေးသီငှက်တို့ ဒဏ္ဍာရီ” စီးရီးဖြစ်သည်။ ယင်းအမ်တီဗွီတွင် သရုပ်ဆောင်ချက်သည် သစ္စာမေတ္တာခိုင်မြဲ ကြသည့် ချစ်သူနှစ်ဦးသည် သေပြီး နောင်ဘ၀တွင် ယောက်ျား အချင်းချင်းဖြစ်သော်လည်း သစ္စာတရား ခိုင်မြဲစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသည့်စိတ် ၀င်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ချစ်ခြင်းမေတ္တာခိုင်မြဲသည့် အကြောင်းများကိုသာ ပရိသတ်ကိုပေးချင်သည်ဖြစ်ပြီး မည်သည့်သဘောမျှ မပါ ၀င်သည်ကို ပရိသတ်များ အထင်မလွဲစေရန် ၎င်းက ထပ်မံပြောကြားခဲ့သည်။ ၎င်းစီးရီးကို သုံးပေါင်၊ စိုင်း လုံကျောက်၊ အာကာ(Production)၊ စောလင်းထူးနှင့် အောင်စမ်းတို့က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး မြင့်မိုးအောင်၊ နောင်နောင်(S F)၊ ဖိုးတု၊ သားသား၊ ဖူးဖူး၊ ၀ိုင်းလေးနှင့်Mon-key တို့က သီချင်းစာသားရေး ထားခြင်း ဖြစ်သည်။

Mizzima Burmese