ပြင်သစ်နိုင်ငံကို မူးယစ်ဆေးခိုးသွင်းခဲ့သူလို့ သံသယရှိတဲ့ ဗြိတိန်နိုင်ငံသားတဦးကို ထိုင်းရဲဖမ်းဆီး

ပို့စ်တင်ချိန် - 4/10/2014 01:29:00 PM

ဓာတ်ပုံ – AP

၂၀၀၈ ခုနှစ်က ပြင်သစ်နိုင်ငံကို မူးယစ်ဆေးခိုးသွင်းခဲ့သူလို့ သံသယရှိတဲ့ ဗြိတိန်နိုင်ငံသားတဦးကို ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ထိုင်းရဲတွေက ဖမ်းဆီးခဲ့ရပါတယ်။

အသက် ၅၄ နှစ်အရွယ် မိုက်ကယ်အလန်ဖရန့်စ်ဟာ အခြားအပေါင်းပါ ၄ ဦးနဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာ ကိုကင်းနဲ့ ဘိန်းဖြူ စုစုပေါင်း ၃၇၅ ကီလို ၂၀၀၈ ခုနှစ်က ခိုးသွင်းခဲ့တယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။


ဖရန့်စ် (France)ဟာ ပြင်သစ်နိုင်ငံကနေ ထွက်ပြေးလာပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလကတည်းက ထိုင်းနိုင်ငံမှာ ၀င်ရောက်နေထိုင်နေတာ ဖြစ်ပါတယ်။
ထိုင်းအမျိုးသမီးတဦးကို လက်ထပ်ထားပြီး ထိုင်းနိုင်ငံတောင်ပိုင်း ပက်ချဘူရီခရိုင် ချာအမ်မြို့က အဆင့်မြင့်ကွန်ဒိုမီနီယံတခုကို ၀ယ်ယူ နေထိုင်နေတာလည်း ဖြစ်ပါတယ်။
ထိုင်း လူဝင်မှုရဲကော်မရှင်နာမင်းကြီး ပနုခပ်ဒ်ဒလာပိုလ်း (Panu Kerdlabpol)က ပြင်သစ်နိုင်ငံမှာ အမှုရင်ဆိုင်ဖို့ ပြင်သစ်နိုင်ငံကို လွှဲပြောင်းပေးမှာ ဖြစ်ပြီး ၆ လလောက်တော့ ကြာအုန်းမယ်လို့ ဆိုပါတယ်။

ထိုင်းပြင်သစ် နှစ်နိုင်ငံပူးပေါင်းဆောက်ရွက်မှုနဲ့ ဖရန့်စ်ကို အခုလို ဖမ်းဆီးရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းပြည်ထဲရေးအရာရှိ ကစ်တီဖန် အင်ဂျာရွန် (Kittiphun Iamjaroon) က ပါဝင်ပတ်သက်သူ အခြားလူ ၄ ဦးကို ဖမ်းဆီး ရရှိထားပြီး ဖရန့်စ်ဟာ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်လို့ ထွက်ဆိုထားကြပါတယ်။

သူတို့တွေဟာ မူးယစ်မှောင်ခိုမှုကနေ ပေါင်စတာလင် ၃၇၀၀ ကနေ ၁ သောင်းအထိ ရရှိခဲ့ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖရန့်စ်ကတော့ ထိုင်းနိုင်ငံမှာ နေတာ ၅ နှစ်တောင်ရှိနေပြီ ဖြစ်ပြီး အခုလို သူကို ဖမ်းဆီးစွဲချက်တင်လိမ့်မယ်လို့ မထင်ထားခဲ့သလို ပြင်သစ်နိုင်ငံမှာ သူ့နဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့တယ်ဆိုတာကိုလည်း သူ သိရှိခဲ့ခြင်း မရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပျော့ပျောင်းတဲ့ ခရီးသွားမူဝါဒတွေကြောင့် နိုင်ငံခြားခရီးသည် အများအပြား ထိုင်းနိုင်ငံကို ၀င်ရောက်လည်ပတ်ကြပြီး အမျိုးမျိုးပြောင်းလဲနေတဲ့ ပြည်ဝင်ခွင့်ဥပဒေ အားနည်းချက်တွေကြောင့် မူးယစ်မှောင်ခိုအဖွဲ့တွေက မူးယစ်ဆေးဝါးအရောင်းအ၀ယ်လို့ဖို့ ပစ်မှတ်ထားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

DVB Burmese