မီးလောင်မှုအဖြစ်မှန် တာဝန်ရှိသူများ ဖုံးကွယ်ထား – ပေးစာ

ပို့စ်တင်ချိန် - 4/18/2014 11:07:00 AM


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဘူးဒင်းကွင်း၊ ရေကျော်အုပ်စု၊ ရေကျော်ကျေးရွာတွင် ၁၁-၃-၂၀၁၄ နံနက် ၀၁း၀၀ နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ပျဉ်ထောင် ပျဉ်ခင်းအိမ် (၄)လုံးနှင့် သစ်ဖြင့် ဆောက်ထားသော စပါး ၂၀၀၀ ၀န်းကျင့်ဆံ့ စပါးကျီ(၁)လုံးအတွင်း၌ မျိုးစပါးနှင့် ၀မ်းစာ စပါး ၇၆၀ တင်း၊ ကာလတန်ဖိုး ၂၂၅ သိန်း ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ ကျွန်တော့်၏နေအိမ် ခြေရင်းဘက် ၂အိမ်ကျော်ရှိ ကိုထွန်းနိုင်၊ မသင်းသင်းအေး နေအိမ်မီးဖိုချောင်ရှိ မီးကြွင်း မီးကျန်မှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းမီးလောင်မှုတွင် ကျေးရွာသားများ၊ ကျေးရွာ မီးသတ်အဖွဲ့ဝင်များ၊ ရေကျော်ရဲကင်းမှ ရဲဘော်များ ကူညီငြှိမ်းသတ်မှုကြောင့် နံနက် ၀၃း၀၀ နာရီ အချိန်ခန့်တွင် မီးငြိမ်း သွားခဲ့ပါသည်။ မီးလောင်ပြီး မနက် ၀၄း၀၀ နာရီခန့်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ ရဲစခန်းမှူး အပါအ၀င် ကိုထွန်းနိုင်ကို ခေါ်ဆောင်၍ မြောင်းမြမြို့ ရဲစခန်းနှင့် မီးသတ်ဌာနသို့ သွားရောက် ခဲ့ပါသည်။ ၎င်းတို့သည် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တွေ့ဆုံ၍ မီးလောင် ဆုံးရှုံးသွားသည့် အိမ်အရေအတွက်နှင့် တန်ဖိုးကို သိန်း(၃၀)ကျော်ခန့် ဆုံးရှုံးသည်ဟု တွက်ချက်ခဲ့ပါသည်။

ထိုကဲ့သို့ မြို့နယ် တာဝန်ရှိသူများထံသို့ သွားရောက်တွေ့ဆုံ တွက်ချက်ရာတွင် ကျွန်တော်တို့ မိသားစုဝင် များအား တစ်ဦးတစ်ယောက်မျှ အသိပေး ညှိနှိုင်းခြင်း မရှိခဲ့ပါ။ ကျွန်တော်တို့ မိသားစုနေထိုင်သော နေအိမ်မှာ နှစ်(၂၀)ကျော် သက်တမ်းရှိ ပျဉ်းကတိုးတိုင်၊ ပျဉ်းကတိုးကြမ်းခင်း၊ ဓနိမိုးသစ်ကာ (၄)ပင် နှစ်ထပ်၊ နှစ်ဆောင်ပြိုင်အိမ် ဖြစ်ပါသည်။ အိမ်နှင့်ကပ်လျက်ရှိသော စပါးကျီမှာလည်း စပါးတင်း (၂၀၀၀) ဆံ့ စပါးကျီ ဖြစ်ကာ စပါးကျီအတွင်း မျိုးစပါးနှင့် ၀မ်းစာစပါး တင်းပေါင်း (၇၆၀)တင်း သိုလှောင်သိမ်းဆည်း ထားပါသည်။ ထိုအရာအားလုံးမှာ မီးလောင်မှု ဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့ရပါသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ စားစရာမဲ့ခဲ့ရသည့်အပေါ် ကျွန်တော့်အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်ခဲ့ပါ။ ကံစီမံရာအတိုင်းဟု ထင်မှတ်ခဲ့ပါသည်။သို့သော် ကျေးရွာတွင် တာဝန်ရှိသူက မိမိ၏ မိခင်နေထိုင်ရာအိမ်မှ စတင်ဖြစ်ပွားခဲ့သည်ကို သိပါလျက်နှင့် နှစ်သိမ့်အားပေးခြင်း မရှိသည့်အပြင် မြို့ပေါ်မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အဖြစ်မှန်ကို ဖုံးကွယ်ခဲ့ပါသည်။ ၂၀-၃-၂၀၁၄ တွင် မြို့နယ် ကြက်ခြေနီအဖွဲ့နှင့် မီးသတ်ဦးစီး ဦးကျော်စိုးသန်း၊ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့သည် ရေကျော် ကျေးရွာသို့ လာရောက်ခဲ့ပါသည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး မီးလောင်ကွင်း အတွင်းသို့ သေချာစွာ စစ်ဆေး ကြည့်ရှုခြင်း မပြုဘဲ ကျေးရွာ မူကြိုကျောင်း၌ ဆွေးနွေးပွဲရှိသည် ဟုဆိုကာ ကျွန်တော်တို့ မိသားစု နှစ်စုကိုလာရောက် ခေါ်ခိုင်းခဲ့ပါသည်။ ဆွေးနွေးပွဲ၌ အိမ်တန်ဖိုးများ တွက်ချက်နည်းကို တင်ပြပြီး မီးဘေးရှောင်ရန် အကြောင်းများကို ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်က အိမ်တန်ဖိုးနှင့် စပါးကျီ တန်ဖိုးကို တွက်ချက်ပေးရန် ပြောသောအခါ မီးသတ်ဦးစီးက ““စပါးကျီ အတွင်းမှ စပါးများသည် ရွှေ့ ပြောင်းနိုင်သော ပစ္စည်းဖြစ်၍ ထည့်မတွက်ဘူး၊ အိမ်အတွင်းပစ္စည်းများကိုလည်း ထည့်တွက်လို့ မရဘူး၊ ခင်ဗျားတို့ ဆုံးရှုံးတဲ့ အတိုင်း ပြန်ရမယ်မထင်နဲ့၊ ဘယ်သူမှလည်း လာမပေးဘူး””ဟု ရင့်ရင့်သီးသီး ပြောဆိုခြင်းကို ခံခဲ့ရပါသည်။ ကျွန်တော်တို့၏ ဆန္ဒမှာ ဆုံးရှုံးမှုများအတွက် မျှော်လင့်ချက် မရှိသော်လည်း ကျေးရွာ၏ အုပ်ချုပ်ရေးမှူး တစ်ယောက် ဖြစ်ပါလျက် မိမိ၏ မိခင်နေအိမ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း သိပါလျက်နှင့် ဘ၀ပျက်ခဲ့သည့် ကျွန်တော်တို့ မိသားစုများအပေါ် နှစ်သိမ့်အားပေးခြင်း မရှိသည့်အပြင် ၎င်းတို့ဆွေမျိုး အသိုင်းအ၀ိုင်းများက လာရောက်ကာ ““ဘယ်အိမ်က မီးစလောင်တာလဲ၊ မေးရဲမေးကြည့်၊ ပြောရဲပြောကြည့်၊ ပြဿနာတက် သွားမည်”” ဟုလည်း မူးရူးကာ လာရောက် ရမ်းကားခြင်းကိုလည်း ခံခဲ့ရပါသည်။ ထို့ကြောင့် ရေနစ်သူဝါးကူထိုး ဆိုသကဲ့သို့ မီးသတ်ဦးစီးဌာနမှူးနှင့်တကွ တာဝန်ရှိသူများ၏ မတရားပြုမှု၊ ထင်ရာလုပ်မှုကို ကျွန်တော်တို့၏ ရင်ထဲ၌ ခံစားနေရပါသဖြင့် အထက် တာဝန်ရှိသူများက အမှန်တရား ပေါ်ပေါက်ရေး ဆောင်ရွက်ပေးပါရန် ကျွန်တော်တို့ နစ်နာသူ မိသားစုများက လေးစားစွာ တင်ပြလိုက်ပါသည်။

ဦးဇော်မင်းထွေး
ရေကျော်ကျေးရွာ
Myanmar Thandawsint Newspaper