သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းအတွက် သိမ်းယူခဲ့သည့် မြေဧက ၉၀၀ ကျော် ပြန်ပေးနိုင်ရန် ညှိနှိုင်း

ပို့စ်တင်ချိန် - 4/19/2014 04:21:00 PM


ပုသိမ် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာရှိ ဒေသခံတောင်သူ ၄၉ ဦးထံမှ ဥယျာဉ်ခြံမြေဧက ၉၀၀ နှင့် လယ်မြေဧက ၃၀ တို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရေးအတွက် နနွင်းဂယက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများနှင့် သိမ်းဆည်းခံ တောင်သူများ တွေ့ဆုံ ညှိနှိုင်းခဲ့သည်ဟု ဒေခံတောင်သူများက ပြောကြားသည်။

တပ်မတော် အစိုးရလက်ထက် ၁၉၉၁ - ၁၉၉၂ ခုနှစ်က အဆိုပါဒေသရှိ မြေဧကများကို မြေလွတ် မြေရိုင်းများဟုဆိုကာ သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းအတွက် သိမ်းယူခဲ့ခြင်းဖြစ်ရာ ဒေသခံများနှင့် သိမ်းယူခဲ့သူများ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု မြို့နယ် မြေအသုံးချရေး စီမံခန့်ခွဲမှုအဖွဲ့၏ အတွင်းရေးမှူး ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန ဦးစီးမှူး ဦးဌေးရီက ပြောဆိုသည်။

“လက်ရှိမြေပြင်မှာ တကယ်လုပ်ကိုင်နေတယ်ဆိုရင် ဆက်လက် လုပ်ကိုင်ခွင့် ရှိရမယ်။ ဘာမှမစိုက်ဘဲ ထားရင်တော့ ပြန်ပေးရမယ်။ စိုက်ပျိုးခွင့်ပေးတဲ့ စည်းကမ်းချက်တွေ အပေါ်မှာလည်း လေ့လာစိစစ်ပေးမှာပါ။ မူလဆုံးရှုံးသူတွေ အနေနဲ့လည်း ဆန္ဒမစောစေချင်ဘူး” ဟု ၎င်းက ရှင်းပြသည်။

သိမ်းဆည်းခံရသူများ အနေနှင့် အဆိုပါ မြေယာများနှင့် ဥယျာဉ်ခြံမြေများ အပေါ်တွင် ဓားမဦးချ လုပ်ခဲ့ရာ ၁၉၉၁-၁၉၉၂ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်က သီဟိုဠ် စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့သော်လည်း စိုက်ပျိုးထားခြင်း မရှိကြောင်း၊ စတင်သိမ်းစဉ်က ဖခင်ဖြစ်သူကို တပ်မတော် ယူနီဖောင်း ဝတ်ထားသည့် ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦးက ရိုက်နှက်ခေါ်ယူ သွားခဲ့ကြောင်း ဒေသခံတောင်သူ ဒေါ်ကျင်ဌေးက ပြောဆိုသည်။

သိမ်းဆည်းခံ တောင်သူများ၏ ဘိုးဘွား အဆက်ဆက် စိုက်ပျိုးခဲ့ကြသော ဝါးပင်တွေကိုသာ အဓမ္မ သိမ်းဆည်းသူများက ခုတ်ထွင် ရောင်းစားနေခဲ့ကြပြီး နစ်နာကြေး လျော်ကြေးများ မပေးခဲ့ဖူးကြောင်း၊ ယခုအခါ ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသောကြောင့် ဓားမဦးချ ဘိုးဘွား အမွေနှစ်ရပိုင်ခွင့် အခွင့်အရေးများကို ရရှိလိုကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ အလကားရလို့ လုပ်တာ မဟုတ်ဘူး။ မြေလွတ်မြေရိုင်းတွေမှာ စီမံကိန်း လုပ်ဖို့ရှိတယ်ဆိုပြီး အစိုးရက ကြေညာချက်ထုတ်လို့ ဝယ်ယူခဲ့တာ။ ခုတော့ စစ်တပ်က မတရား အနိုင်ကျင့်ယူတယ်လို့ ထင်နေကြတယ်။ သီဟိုဠ်လည်း စိုက်ခဲ့တယ်။ မအောင်မြင်တာပါ။ ကျွန်တော်တို့ အခုလည်း ဆက်လုပ်နေပါတယ်။ စစ်တပ်ဆိုတာ စည်းကမ်းရှိတယ်။ စည်းမဖောက်ဘူး။ စည်းဖောက်ရင်လည်း ဘယ်သူမှမထားဘူး။ ရိုက်နှက်ခေါ်ယူတာ မရှိခဲ့ဘူး” ဟု သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းလုပ်ရန် ဥယျာဉ်ခြံမြေများ သိမ်းယူခဲ့သည့် ဗိုလ်ကြီးဟောင်း ဦးသိန်းဝင်းက ပြောဆိုသည်။

နှစ်ရှည် သီဟိုဠ်ပင် စိုက်ပျိုးရေး စီမံကိန်းအဖြစ် ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ သိမ်းယူခံရပြီး အောင်မြင်ခြင်း မရှိသော မြေယာများကို ဖော်ထုတ်၍ ဒေသခံများ မြေယာပြန်လည် လုပ်ကိုင်နိင်ရန် အနောက်တောင်တိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူများ၊ ဒေသခံတောင်သူ ၄၀၀ ကျော်နှင့် မြို့နယ်အဆင့် မြေအသုံးချ စီမံခန့်ခွဲမှု အဖွဲ့တို့က တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီး မြို့နယ် မြေယာအသုံးချ စီမံခန့်ခွဲမှုအဖွဲ့က မြေပြင်ကွင်းဆင်း လေ့လာကာ စစ်ဆေးဆုံးဖြတ်ပေးရန် သဘောတူညီခဲ့ကြသည်ဟု ဒေသခံ တောင်သူများ ထံမှ သိရှိရသည်။

The Voice Weekly