ဘုရင့်နောင်တံတား စီမံကိန်း(၂)အား ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး မြေနီးကုန်း ခုံးကျော်တံတားလည်း စတင်တည်ဆောက်မည်

ပို့စ်တင်ချိန် - 4/24/2014 03:08:00 PM


ဘုရင့်နောင်တံတား စီမံကိန်း(၂)အား ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ပြီး မြေနီးကုန်း ခုံးကျော်တံတားလည်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် ဘုရင့်နောင်တံတားအပြီး တည်ဆောက်မှုအပြင် မြေနီကုန်း ခုံးကျော်တံတားကိုလည်း တည်ဆောက်ရန် လျာထားခြင်းဖြစ်ကာ ဒေါပုံနှင့် မင်္ဂလာတောင်ညွန့် ဆက်သွယ်သည့် ငမိုးရိပ် သံပေါင်တံတား ပြုပြင်ခြင်း၊ ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတား၊ ထန်းတပင်မြို့နယ်တွင် ကုက္ကိုဝ မြစ်ကူးတံတား တည်ဆောက်ခြင်း၊ သန်လျင်-သီလ၀ါလမ်းမကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ သန်လျင်-သီလ၀ါ-ဒဂုံဆိပ်ကမ်းလမ်း၊ ငမိုးရိပ်ချောင်းတံတား(ရွှေပေါက္ကံ) စသည်တို့ကိုလည်း တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံနှင့် အနီးပတ်ဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ခုံးကျော်တံတားဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် ပြုလုပ်မည်ဖြစ်ပြီး ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံ သုံးစွဲမည်ဖြစ်ပြီး ဒေါပုံနှင့် သင်္ဃန်းကျွန်းမြို့နယ် ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတား အတွက်လည်း ငွေကျပ် ၉ ဒသမ ၂၈၂ ဘီလျံ သုံးစွဲမည်ဟု လျာထားသည်။

Eleven Media Group