နှစ်ဆန်း(၁)ရက်နေ့ ငါး လွှတ်ပွဲများကျင်းပသော သွေးဆေးကန်အပါအ၀င် ရန်ကုန်မြို့၏ အထင်ကရ ရေကန်ကြီးများ သန့်စင်မှုပြုလုပ်သင့်

ပို့စ်တင်ချိန် - 4/18/2014 03:26:00 PM


မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာဓလေ့တစ်ခု ဖြစ်သည့် ငါးလွှတ်ပွဲကျင်းပရာ ရွှေတိဂုံ ဘုရားအနောက်ဘက်မုခ်ရှိ သွေးဆေးကန် အပါအ၀င် ရန်ကုန်မြို့ ရှိ အခြားထင်ရှားသော ရေကန်များဖြစ်သည့် အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့ကို သန့်စင်မှုများ ပြုလုပ်ရန် လွန်စွာလိုအပ်လျှက်ရှိနေကြောင်း ငါးလာလွှတ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ထင်ရှားသော ရေကန်များဖြစ်သည့် လှော်ကား၊ အင်းလျား၊ ကန်တော်ကြီး၊ သွေးဆေးကန် စသည့် ရေကန်များကို သန့်ရှင်းမှုမပြုလုပ်သည်မှာ နှစ်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် ယခုအခါ ရေကန် များအတွင်း အမှိုက်သရိုက်များ၊ ရေမှော်ရေညှိများ၊ ဒိုက်များ၊ ရွှံ့ နွံပုပ်များပြည့်နှပ်နေပြီး ကုသိုလ်ဖြစ် လွှတ်လိုက်သော ငါးအများစုမှာ ကန်ရေညစ်တွင် မရှင်သန်နိုင်ဘဲ အချိန်တိုအတွင်း သေဆုံးခဲ့ကြရာ ကုသိုလ်မဖြစ်ဘဲ အကုသိုလ်ဖြစ်ရသည်။

''အန်တီက နှစ်ဆန်း (၁) ရက်နေ့ဆို နှစ်တိုင်း ငါးလွှတ်နေကြပါ။ ဒီနှစ် ငါး လာလွှတ်တဲ့အခါ သွေးဆေးကန်ထဲဝင် လိုက်တာနဲ့ ရွှံ့ပုပ်နံ့ ငါးပုပ်နံ့တွေ ထောင်းခနဲ ပဲ။ သွေးဆေးကန် ပတ်ဝန်းကျင်တစ်ခုလုံးလည်း အမှိုက်သရိုက်တွေကြီးပဲ။ လူတွေကလည်း ငါးလွှတ်ပြီးရင်ပြီးရောဆိုပြီး အိတ်တွေကို ပစ်သွားတာ။ မြန်မာလူမျိုး အများစုကလည်း တာဝန်ကျေအောင် ပြီး ပြီးရောလုပ်၊ တာဝန်ရှိသူတွေကလည်း ကိုယ်နဲ့မဆိုင်သလို နေနေတဲ့ သွေးဆေးကန်လည်း အရင်လိုမလှပတော့ဘဲ ညစ် နွမ်းနေပါပြီ။ ငါးလွှတ်ပြီးရင်လည်း လွှတ် လိုက်တဲ့ငါးမှန်သမျှ အကုန်သေတာပဲ။ ငါးစာတွေ၊ ပေါင်မုန့်တွေလည်း ကန်ရဲ့ သုံးပုံတစ်ပုံလောက် ပြည့်နေတယ်။ ငါးလွှတ်တာ မဟုတ်ဘဲ ငါးကိုသတ်သလို ဖြစ်နေတယ်။ ဒီတော့ သွေးဆေးကန် သာယာရေးအတွက် တာဝန်ရှိသူတွေ ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်''ဟု ငါးလာလွှတ်သူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

အဆိုပါ သွေးဆေးကန်အပြင် သင်္ကြန်ကာလတွင် မဏ္ဍပ်ကြီးများရေရယူ သုံးစွဲသည့် ကန်နှစ်ကန်ဖြစ်သော အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှာလည်း ရေမသန့်ရှင်းမှုကြောင့် သင်္ကြန်ရေ ပက်ခံထွက်သူများ ယားယံခြင်း၊ အနာပေါက်ခြင်းစသည့် အရေပြားရောဂါများ ခံစားခဲ့ရကြောင်း သိရသည်။

''သင်္ကြန်ရေပက်ခံထွက်တယ်။ ရေပက်ခံရတုန်းက သိပ်မသိသာဘူး။ လေ တိုက်လို့ ရေလဲခြောက်သွားရော ကုတ်ပေတော့ပဲ။ တစ်ခါတလေ မှော်ဖတ်တွေ ပါပါ လာတယ်။ ရေကလည်း ၀ါထိန်နေတာပဲ။ အင်းလျားနဲ့ ကန်တော်ကြီး နှစ်ကန်လုံး တူတူပဲ။ သန့်စင်ပေးဖို့ လိုနေပါပြီ။ ဒီရေ ကန်နှစ်ကန်က ရန်ကုန်ရဲ့ အမှတ်အသား တွေပါ။ ဒီကန်တွေကို မသန့်စင်တာလည်း အတော်ကြာပါပြီ။ ကန်တွေလည်း ညစ်နွမ်း နေပါပြီ။ အနံ့တွေလည်း ဆိုးနေပါတယ်။ စည်ပင်သာယာ ဒီအတိုင်းကြည့်မနေပါနဲ့” ဟု ပြောသည်။

ကန်တော်ကြီးနှင့် အင်းလျားကန်တို့သည် ကိုလိုနီခေတ်က ရန်ကုန်မြို့သောက်သုံးရေပေးဝေရေးအတွက် အဓိကအသုံးပြုခဲ့ကြသော်လည်း ယခုအခါ အဆိုပါကန်ကြီးများတွင်းရှိရေသည် ရေညစ်များဖြစ်လျက်နေရာ သုံးရေအတွက်ပင် မသင့်တော်တော့ပေ။ ရန်ကုန်မြို့၏ အထင်ကရ ရေကန်များကို ယခင်က ဂျပန်နိုင်ငံ၏ အကူအညီဖြင့် သန့်စင်ခဲ့ဖူးပြီး ယခုအခါတွင်လည်း ထပ်မံ သန့်စင်ရန် အစီအစဉ်ရှိ၊ မရှိ အခြေအနေကို ပြည်သူများ သိရှိလိုနေကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)