တရုတ်အစိုးရ လူအခွင့်အရေးလှုပ်ရှားသူ ၄ ဦးကို ထောင် ၃ နှစ်ခွဲ ချမှတ်

ပို့စ်တင်ချိန် - 4/18/2014 09:22:00 PM


တရုတ်နိုင်ငံမှာ အစိုးရအာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုကို ဖော်ပြဖို့ တောင်းဆိုခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးကို တရုတ်အာဏာပိုင်တွေက ထောင်ဒဏ်အများဆုံး ၃ နှစ်ခွဲ ဧပြီ ၁၈ ရက်မှာ ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ပြစ်တင် ရှုတ်ချနေတာတွေကို နောက်ဆုံး တုန့်ပြန်လိုက်တာ ဖြစ်ပြီး တချို့ လူ့အခွင့်အရေးအဖွဲ့တွေက အပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းတယ်လို့ ဆိုပါတယ်။

ထောင်ချခဲ့ရသူတွေဟာ ၀တ္တရားနှောင့်ယှက်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၅ နှစ်ချခံရနိုင်တဲ့ ပြစ်မှုလည်း ဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒင်က ထောင် ၃ နှစ်ခွဲ ကျခဲ့ပြီး ၁ ဦးက ထောင် ၂ နှစ်ခွဲနဲ့ ကျန် နှစ်ဦးကတော့ ထောင် ၂ နှစ်စီ ချခံခဲ့ရပါတယ်။

ဒင်ရဲ့ ရှေ့နေ က ထောင်ချခံရသူတွေဟာ ဘယ်အစိုးရနဲ့ အဖွဲ့အစည်းကိုမှ ထိခိုက်အောင် လုပ်ဆောင်ခဲ့တာ မရှိသလို ဘယ်သူတဦးတယောက်ကိုမှလည်း ထိခိုက်တာ မရှိခဲ့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ထင်ရှားတဲ့ တရုတ်လူ့အခွင့်အရေးခေါင်းဆောင်ကို ထောင်ဒဏ် ၄ နှစ် အပြစ်ပေးပြီး ၁ ပတ်အတွင်း အခုလို့ လူအခွင့်အရေးလှုပ်ရှားသူ နောက်ထပ် ၄ ဦးကို အပြစ်ပေး ထောင်ချတာ ဖြစ်ပါတယ်။

တရုတ်အစိုးရအဖွဲ့အတွင်း အဂတိလုပ်စားမှုတွေဟာ ကွန်မြူနစ်ပါတီကြီးကိုပါ အန္တရာယ် ကျရောက်နိုင်တယ်လို့ သမ္မတက သတိပေးထားပြီး တိုက်ဖျက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရအုပ်ချုပ်ရေးတွေကို တိုက်ခိုက် စိန်ခေါ်မှုတွေကိုပဲ ပြတ်ပြတ်သား နှိပ်ကွပ်နေတာလည်း ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြဖို့ တောင်းဆိုမှုတွေကို တရုတ်အစိုးရက သည်းခံလေ့မရှိပဲ အဂတိလိုက်စားမှု ဆန့်ကျင်ရေးလှုပ်ရှားသူ အနည်းဆုံး ၂၀ ဦး ပြီးခဲ့တဲ့လအတွင်း ထောင်ချခံခဲ့ရပါတယ်။

DVB Burmese