မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 4/12/2014 04:38:00 PM


အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့အချိန် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၁ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဆုတခုဖြစ်တဲ့ နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူတုန်း သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။”

ဆုပေးပွဲအခမ်းအနားကို ဘာလင်မြို့က SPD ပါတီ ရုံးချုပ်ရှိရာ Willy Brandt House မှာ ကျင်းပခဲ့ပါတယ်။ ပါလီမန်အမတ်တွေ၊ သံတမန်တွေ၊ ပါတီရဲ့ခေါင်းဆောင်တွေ ဂျာမနီ ဒုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ ဆုလက်ခံ အခမ်းအနားမှာ မြန်မာ့နိုင်ငံရေး အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောသွားပါတယ်။

“စစ်အစိုးရက ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ စစ်တပ်ကိုလည်း အထူးအခွင့်အရေး ပေးထားတယ်ဆိုတာ သတိထားမိကြပါ လိမ့်မယ်။ ဒီနေ့ဒီအချိန် ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီိမိုကရေစီစံနှုန်းတွေ အပြည့်အ၀ရှိတဲ့ နိုင်ငံတခုဖြစ်လာအောင် ဒီဖွဲ့စည်းပုံကို ပြင်ဆင်မှာ ဖြစ်ပါတယ်။”

ဒါဟာ သူ့ရဲ့ ပထမဆုံး ဂျာမဏီနိုင်ငံခရီးစဉ်ဖြစ်ပြီး ဂျာမန် သမ္မတနဲ့ ဂျာမန်ဝန်ကြီးချူပ်တို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ ဧပြီ ၁၃ ရက်နေ့မှာတော့ Free University of Berlin မှာ ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ