အသံတိတ်လူသတ်ကောင် ဝေးဝေးကရှောင်

ပို့စ်တင်ချိန် - 4/19/2014 01:46:00 PM


ဓာတ်ပုံ – ၂ဝ၁၃ခုနှစ်က  လားရှိုး-မန္တလေး ကားလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ကားကိုကျော်တက်ရာမှ မျက်နှာချင်းဆိုင်မှ လာသော ဆိုင်ကယ်ဝင်ရောက် တိုက်မိရာမှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ။


ဆိုင်ကယ်နှင့်ကား တိုက်မိသော ယာဉ်တိုက်မှုမြင်ကွင်းမျိုး မူဆယ်-မန္တလေး လမ်းတလျောက်တွင် ရက်ခြားဆိုသကဲ့သို့ ဖြစ်ပေါ်လာနေလေသည်။

ဆိုင်ကယ်စီးနှင်းသူ များပြားလာသကဲ့သို့ မော်တော်ကားအရေအတွက်မှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားလာနေရာ နယ်ဒေသများတွင် မကြာခဏဆိုသလို
ယာဉ်တိုက်မှုများလည်း တိုးပွားလာနေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် တစ်ဖက်တရုတ်နိုင်ငံမှ တင်သွင်းလာသော ဆိုင်ကယ်များ အလွယ်တကူ ဝင်ရောက်လာနေသကဲ့သို့ ဆိုင်ကယ်စီးနှင်းသူမှာလည်း
တောရော၊ မြို့ပါမကျန် များပြားလာလျက်ရှိနေရာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားသော ယာဉ်တိုက်မှုမှာလည်း တိုးပွားလာလျက်ရှိနေပြီး သေဆုံးမှုမှာလည်း မြင့်တက်လာလျက်
ရှိနေကြောင်း ယာဉ်ထိန်းအဖွဲ့တာဝန်ရှိသူ တချို့က ပြောသည်။

“ ယာဉ်တိုက်မှုဖြစ်တာမှာ ဆိုင်ကယ်နဲ့ ကားတိုက်မှုက ပိုများလာနေတယ်၊ အခုဆိုရင်တစ်ပတ်ကို နှစ်ယောက်နှုန်းလောက် သေနေတာ၊ ဖြစ်လိုက်ရင်လည်း အသေပဲ၊
အဓိက တောပိုင်းကျေးရွာဘက်က ဆိုင်ကယ်စီးတဲ့သူတွေ ယာဉ်မတော်တဆဖြစ်မှုက များနေတယ် ” ဟု သီပေါမြို့ ယာဉ်ထိန်းအဖွဲ့မှ ကိုနန်းမြိုင်က ယာဉ်တိုက်မှုဖြစ်စဉ်
တစ်ခုတွင် တွေ့ဆုံစဉ် ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရာများဖြစ်သည့် ယာဉ်ကြောင့်၊ လူကြောင့်၊ လမ်းကြောင့်၊ ရာသီဥတုကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှု အကြောင်းရင်း
လေးခုရှိရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားရသည့် ယာဉ်တိုက်မှုအများဆုံးမှာ လူကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်နေသည်ဟု ဆိုပါသည်။

တောပိုင်းကျေးရွာများအတွင်း ဆိုင်ကယ်စီးနှင်းသူ များပြားလာနေသော်လည်း ဆိုင်ကယ်စီးနှင်းရာတွင် လိုက်နာရမည့်စည်းကမ်းများအား သိရှိနားလည်လိုက်နာမှု
အားနည်းလျက်ရှိနေသည်။

ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုတွင် သေဆုံးခဲ့ကြရသူ ၈ဝ% ခန့်မှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်း၍ ဦးခေါင်းထိခိုက်ကာ သေဆုံးရသူ အများဆုံးဖြစ်နေလေသည်။

၂ဝ၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုပေါင်း ၅၃၄မှု ရှိခဲ့ပြီး သေဆုံးသူ ၁၉၃ ဦးရှိခဲ့ကာ ဒဏ်ရာရသူ ၆ဝ၂ ဦးရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ဆိုင်ကယ်နှင့်ကားတိုက်မှုမှာ အများဆုံးဖြစ်ပြီး သေဆုံးသူလည်းများပြားခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ၏ အမြန်လမ်းဘေးကင်းလုံခြုံရေး စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီရင်ခံစာအရ ဆိုင်ကယ်တိုက်မှု တစ်သိန်းတွင် ၅၅.၈၂% မှာ လူသေဆုံးလျက်ရှိနေပြီး
မော်တော်ကားတိုက်မှုနှင့် နှိုင်းယှဉ်ပါက ၁၆%ပိုများနေပြီး အခြားယာဉ်တိုက်မှုနှင့် နှိုင်းယှဉ်ပါက ၃ဝ% ပိုများလျက်ရှိနေကြောင်း သိရှိရသည်။

ထိုသို့ ဆိုင်ကယ်တိုက်မှု ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ ဘရိတ်နင်းကြမ်းမှုကြောင့် လမ်းချော်၍ ဆိုင်ကယ်တိမ်းမှောက်ခြင်းနှင့် အကွေ့များတွင် အရှိန်မြင့်မားစွာဖြင့် ချိုးကွေ့မှုတို့ကြောင့်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်ရက်လျှင် လူပေါင်း ၂၇၃၉ ဦး သေဆုံးလျှက်ရှိနေရာ ထိုသို့သေဆုံးမှုမှာ လူ ၄ဝဝ တင်ဆောင်နိုင်သည့်
ခရီးသည်တင်လေယာဉ် ၇ စင်း တစ်ရက်အတွင်း ပျက်ကျသည့်နှုန်းနှင့် ညီမျှနေကြောင်း သိရှိရသည်။

ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးရမှုအား အသံတိတ်လူသတ်ကောင်ဟု ခေါ်ဆိုပါသည်။ အသံတိတ်လူသတ်ကောင်စာ မမိစေရန်အတွက် မိမိကိုယ်တိုင်
ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ပါသည်။

“ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေကို ဒေသအသီးသီးမှာ တောပိုင်းကျေးရွာတွေအထိ လိုက်လံပြီး ဆောင်ရွက်ပေးဖို့လိုအပ်နေပါတယ်၊
ဒီနေရာမှာ အခက်တွေ့နေရတာက ဝန်ထမ်းမလုံလောက်မှုနဲ့ ဘာသာစကား အခက်ခဲပြဿနာပါ၊ အဓိက ဆိုင်ကယ်စီးဦးထုပ် ဆောင်းဖို့နဲ့ ဆိုင်ကယ်ကို စည်းကမ်းတကျ
မောင်းနှင်တတ်ဖို့ ပညာပေးလုပ်ငန်းတွေ လုပ်ဖို့ လိုအပ်နေတယ်၊ ဒါကို ယာဉ်ထိန်းအဖွဲ့ တစ်ခုတည်းကလုပ်လို့မရပါဘူး၊ ဒေသခံတွေပါ အားလုံးဝိုင်းဝန်းကူညီ
လုပ်ကိုင်ပေးဖို့လည်း လိုအပ်နေပါတယ် ” ဟု ယာဉ်ထိန်းတပ်ဖွဲ့ဝင်အချို့ကလည်း သုံးသပ်ပြောကြားသည်။

ယာဉ်မောင်းသူအများစုမှာ မိမိတို့၏ ယာဉ်ပေါ်သို့ ရောက်သည်နှင့် မိမိတို့၏ မာန်မာနများကို သတိပြုထိန်းချုပ်ရန် လိုအပ်လှပေသည်။ မိမိယာဉ်အား နောက်မှလိုက်လာသောယာဉ်မှ ကျော်တက်လို၍ လမ်းတောင်းလျှင် လမ်းမပေးဘဲ အမြန်လိုက်မောင်းခြင်း၊ ရှေ့မှ သွားနေသောကားက လမ်းမပေးသဖြင့်
အတင်းကျော်တက်ခြင်းတို့ကြောင့် ယာဉ်တိုက်မှုဖြစ်ပွားမှုမှာ အများဆုံးဖြစ်နေကြောင်း သိရှိရသည်။

မည်သည့်ယာဉ်မောင်းမဆို မိမိတို့အား စောင့်မျှော်နေသည့် မိသားစုကိုယ်စီ ရှိကြလေသည်။ မည်မျှပင် အလုပ်အရေးကြီးသည်ဟု ဆိုစေကာမူ မိမိအသက်နှင့် အခြားသူများ၏
အသက်ထက် ပို၍ အရေးကြီးသည့် အလုပ်ဟူ၍မရှိပါ။ မည်မျှပင် ကျွမ်းကျင်သည်ဟူသော ယာဉ်မောင်းဖြစ်စေကာမူ စက်ပစ္စည်းဖြင့်အသုံးပြု မောင်းနှင်ရသည်ကို
သတိချပ်သင့်ပေသည်။

ယာဉ်မောင်းနေစဉ် ဆုံးဖျက်ချက် ပြတ်သားခိုင်မာရန်လည်း လိုအပ်လှပေသည်။ သာမန်ယာဉ်မောင်းများပင်လျှင် တစ်ခါတစ်ရံ ဆုံးဖြတ်ချက်မှားတတ်ကြလေရာ
အရက်သေစာ သောက်စားထားသည့် ယာဉ်မောင်းများမှာ ပိုမို၍ ဆုံးဖြတ်ချက်မှားနိုင်သဖြင့် ယာဉ်မောင်းနေစဉ် အရက်သေစာ မသောက်စားရန်လည်း လိုအပ်ပေသည်။

ယာဉ်မောင်းအများစုအနေဖြင့် မိမိနှင့် မိမိကိုယ်ကို ချစ်မြတ်နိုး၍ မိမိအသက်ကို တန်ဖိုးထားဂရုပြုကာ လိုက်နာသင့်သည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအား
စည်းကမ်းတကျ လိုက်နာခြင်းဖြင့် ယာဉ်တိုက်မှုလျော့ကျစေရန် ကာကွယ်ပြီးသားဖြစ်လေသည်။

ကမ္ဘာ့စစ်တမ်းများအရ ၁၉၉ဝ ခုနှစ်အတွင်ယာဉ်တိုက်မှုကြောင့် သေဆုံးရမှုမှာ ကမ္ဘာပေါ်တွင် အခြားအကြောင်းရာများကြောင့် သေဆုံးရမှု၏ အဆင့် ၉ နေရာတွင် ရှိခဲ့ရာမှ
၂ဝ၂ဝ ခုနှစ်အတွင်း အဆင့် ၃ နေရာသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားရာ မိမိတို့၏ နိုင်ငံအတွင်း မိမိတို့၏ဒေသအတွင်း ယာဉ်တိုက်မှုကို ကြိုတင်ကာကွယ်နိုင်ရန် မိမိနှင့်
အခြားသူများ၏ အသက်ထိခိုက် ဆုံးရှုံးမှုမရှိစေရန် ဂရုပြုရတော့မည်ဖြစ်သည်။

အဝေးတစ်နေရာသို့ ခရီးသွားနေသော မိမိအား မျှော်လင့်နေသည့် မိသားစုနှင့် အခြားသူများ၏ မိသားစုအား မိမိ၏ ဆုံးဖြတ်ချက်အမှားနှင့် အတ္တစိတ်တို့ကြောင့်
ကားလမ်းပေါ်၌ပင် အိမ်မရောက်ဘဲ အသက်ပျောက်သွားရသည့် အဖြစ်မျိုး မဖြစ်စေရန်နှင်.အသံတိတ်လူသတ်ကောင်လက်ချက်မမိစေရန်
အသိ၊ သတိတို့ဖြင့် ကာကွယ်သွားရန်လိုအပ်လာပြီဖြစ်လေသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age