ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရာနှုန်းပြည့် နိုင်ပွဲရရန် လိုအပ်ကြောင်း အာတီတာ သတိပေး

ပို့စ်တင်ချိန် - 4/14/2014 11:11:00 PM


အဲဗာတန်ကို ကျော်ဖြတ်ပြီး အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ရန်အတွက် လက်ကျန် ၅ ပွဲစလုံးကို အနိုင်ရရှိရန် လိုအပ်ကြောင်း အာဆင်နယ် ကွင်းလယ် ကစားသမား မိုက်ကယ် အာတီတာက အသင်းဖော်များအား သတိပေး ပြောကြားလိုက်သည်။

အာတီတာသည် စနေနေ့က ဝီဂန်ကို အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် ခြေသလုံး ကြွက်သား ဒဏ်ရာရရှိခဲ့ပြီး ချိန်ဘာလိန်၊ ရမ်ဆေး၊ မွန်ရီရယ်နှင့် ကာဇိုလာတို့မှာလည်း အင်္ဂါနေ့ညတွင် ဝက်စ်ဟမ်းနှင့် ကစားမည့်ပွဲ၌ ပါဝင်နိုင်ရန် မသေချာပေ။

ထို့အတွက် အာဆင်နယ် အနေဖြင့် အဆင့် ၄ နေရာမှ အဲဗာတန်ကို ကျော်ဖြတ်နိုင်ရန် အတွက် ပရီးမီးယားလိဂ် လက်ကျန် ၅ ပွဲစလုံးကို အနိုင်ရရှိရန် လိုအပ်ကြောင်း၊ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲသည် အသင်းအတွက် အပြောင်းအလဲ တစ်ရပ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း အာတီတာက ဆိုခဲ့သည်။

ချန်ပီယံလိဂ် ဝင်ခွင့်နှင့် ပတ်သက်၍ အာတီတာက “ကျွန်တော်တို့အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ ရာသီကုန်ဖို့ကလည်း လေးပတ် လိုပါသေးတယ်။ ကျွန်တော်တို့ လက်ကျန်ပွဲ အားလုံးကို အနိုင် ကစားနိုင်ခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုအပေါ် မူတည်ပါတယ်။ နောက်ပြီး အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲ ရလဒ်ကလည်း ကျွန်တော်တို့အတွက် အပြောင်းအလဲတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အာတီတာက ပြောကြားခဲ့သည်။

soccermyanmar